သင်္ကြန်ပန်းချီ


သင်္ကြန်ချိန်ခါ ကျရောက်လို့လာ
ပိတောက်ငုဝါ ပန်းလှဝေဆာ
ရာသီပန်းများ ပွင့်လန်းနေကာ
နှစ်သစ်ဦးရဲ့ စာတစ်မျက်နှာ
ရွှေရောင်လွှမ်းကာ ဖွင့်လှမ်းလိုက်တာ
သဘာဝရဲ့ အလှသစ္စာ။

တစ်နှစ်တစ်ခါ ရောက်ရှိချိန်မှာ
ကလေး သူငယ် အပျို လူရွယ်
ညီရင်း မောင်နှမ မေတ္တာသွယ်
ပက်ဖြန်းအတာ ဆော့မြူးစေကာ
ပျော်ရွှင်စွာနဲ့ နှစ်သစ်ကူးတာ
သည်တန်ခူးရဲ့ ပုံရိပ်စေရာ။

နှစ်သစ်အခါ သမယမှာ
သက်ကြီးဘိုးဘွား ပူဇော်စေကာ
ချစ်စရာ့ဓလေ့ တည်စေတာ
နေရာတိုင်းမှာ စတုဒီသာ
ဒါနအထူး ကုသိုလ်ပြုတာ
စုတ်ချပ်ညီတဲ့ ပန်းချီကားပါ။

အတာတန်ခူး သည်နွေဦးဟာ
အများပြည်သူ ပျော်ရွှင်စေလျှက်
တစ်နိုင်ငံလုံး အေးချမ်းစေကာ
ကမ္ဘာတစ်ဝှမ်း ကြော်ကြားနေတာ
လောကအလှပေါ် အယဉ်ဆင့်လို့
ရေးဆွဲချက်တွေ ပီပြင်လို့ပါ။

နှစ်သစ်ချိန်ခါ သည်ကာလမှာ
ဂုဏ်ယူဖွယ်ရာ တို့ရိုးရာအား
ပန်းချီဆရာ လက်မှိုင်ချအောင်
ချစ်စရာ့အသွင့် မြန်မာ့အဆင်ဖြင့်
ကိုယ်တိုင်ပါဝင် ဖော်ကျူးသီလို့
သင်္ကြန်ပန်းချီ ရေးဆွဲကြစို့။

ဒီကောင်မလေး*

Leave a Comment

မငိုပါနဲ့မေမေရယ်

အပိုင်း (၁)

`မေမေသင်္ကန်းပိုက်လို့ရယ်..ဖေဖေသပိတ်လွယ်..~ ~ ~ မြင်းကြီးပေါ်မှာ မောင်ရင်လောင်း ရွှေထီးလေးကိုဆောင်းတယ်~ ~ ~ မမလေးက ကွမ်းတောင်ကိုင်~ ~ ~ အိုးစည်ဝိုင်းကမြိုင်လှတယ်…´ သီချင်းသံ က မဏ္ဍပ် လော်စပီကာဆီမှ ပျံ့လွင့်လို့နေပေသည်။

ရှေ့ဆုံးမှ အဖွားက ကန်တော့ပွဲကို ခေါင်းပေါ်ရွက်ကာ မြေးလေးများ၏ ရှင်ပြုအလှူတော်မင်္ဂလာပွဲကို ကိုယ်တိုင်ပါဝင် ဆင်နွှဲ နေကြသည်။ သည်နောက်မှ သားအတွက် သပိတ်ကိုလွယ်၊ ယပ်ကို ပုခုံးပေါ်တင်ဆောင်ကာ ခေါင်းပေါင်းစ တလူလူလွင့်လျှက် လျောက်လှမ်း နေသော အလှူ့ဒါယကာကြီးနှင့် ဘေးချင်းယှဉ်လျှက်မှ ပုဝါနှစ်စ အသာ ချလို့ သင်္ကန်းပန်းတောင်းကို ရင်ဝယ်ပိုက်၊ ဆင်မယဉ်သာ ငြိမ့်ငြောင်းစွာဖြင့် လှမ်းလို့နေသော အလှူ့အမကြီးတို့သည် လွန်စွာမှ ရှေ့သွား နောက်လိုက် ညီလှသည်ဟု မြင်ရသူအပေါင်းက ထောပနာပြု၏။ ထို့နောက်တွင်မှ ကြီးတော်များ က ဆွမ်းအုပ် ပိုက်သူပိုက်၊ ခေါင်းအုံး၊ သင်ဖြူး၊ ခြင်ထောင် အစရှိသည်တို့ကို ချီမလို့ အစီအရီ လျှောက်လှမ်းနေကြသည်ကလည်း ပျော်ရွှင်စရာမြင်ကွင်းအတိ ဖြစ်လို့နေပြန်သည်။ သည်တစ်ခါ နောက်ပြန် ဆီက ကွမ်းတောင်ကိုင် လုံမငယ်တသိုက်က သူ့ထက်ငှာ အလှချင်း ပြိုင်နေလေတော့ ဤမောင်ရှင်လောင်းလှည့်လည်ပွဲကြီးက ပြီးပြည့်စုံလွန်း လှသည်။

မောင်ရှင်လောင်း လှည့်လည်ပွဲအတွက် လိုအပ်သောမြင်းများ စီမံရာတွင် ရှားရှားပါးပါး ဖြူဆွတ်သောမြင်း တစ်ကောင် ပါလာသဖြင့် ရှင်သုံးပါးအနက် အလှူ့ဒါယကာနှင့် အလှူ့အမကြီးတို့၏ သားလှရတနာ မောင်ရှင်လောင်းလေး ကျွန်တော်က စီးခွင့်ရခဲ့သည်။ န၀ရတ်ကိုးသွယ် စီမံထားသော အဆောင်အယောင် ဆင်မြန်းထားသော မြင်းဖြူပေါ်တွင် မကိုက်၊ စလွယ် ရှင်လောင်းဝတ်စုံနှင့် ခန့်ငြားစွာ လိုက်ပါလာသော ကျွန်တော့်အား ရွှေထီးဆောင်းလိုက်သောအခါ ကြည့်ရှုသူ ပရိတ်သတ် အပေါင်း က ကြည်နူးအံ့သြ သွားကြရသည်။
` မေမေသင်္ကန်းပိုက်လို့ရယ်..ဖေဖေသပိတ်လွယ်..~ ~ ~ မြင်းကြီးပေါ်မှာ မောင်ရင်လောင်း ရွှေထီးလေးကိုဆောင်းတယ်~ ~ ~ မမလေးက ကွမ်းတောင်ကိုင်~ ~ ~ အိုးစည်ဝိုင်းကမြိုင်လှတယ်…´ သီချင်းသံက နောက်တော်ပါးဆီကနေ ထပ်ကြပ်မကွာ မြိုင်မြိုင်ဆိုင်ဆိုင် ပျံ့လွင့်နေပြန်သည်။

* * * * * * * * * * * * * * *

အပိုင်း (၂)

ဖေဖေနှင့် မေမေ၏ ဆန္ဒပြည့်ဝသောနေ့အား ယနေ့ဟုပြောလျှင် မမှား နိုင်ပေ။ ကျွန်တော်တို့မိသားစုသည် ချမ်းသာလှသူများလည်း မဟုတ်၊ အသင့်အတင့် နေနိုင်၊ စားနိုင်သူများ စာရင်း၏ နောက်ဆုံးပိတ်မှ ရပ်တည်နိုင်သူများ ဖြစ်သည်။ မိဘနှစ်ဦးစလုံး၏ ရည်ရွယ်ချက်မှာ ကျွန်တော့်ကို ရှင်သာမဏေအဖြစ်သို့ သွတ်သွင်းချီးမြှောက်လိုခြင်း ဖြစ်သည်။ ထို့အတွက် အလုပ်ကြိုးစားလုပ် ပိုက်ဆံကို ကျစ်ကျစ်ပါအောင် စုဆောင်းခဲ့သည်မှာ ကျွန်တော် ဟိုးငယ်ငယ်ကလေး ဘ၀,ကပင် ဖြစ်သည်။
အလှူမကျင်းပမှီ တစ်လအလိုလောက်ကပင် ကျွန်တော်၏ ရှင်ပြု အလှူတော် မင်္ဂလာ ဖိတ်ကြားလွှာကို လိုက်ဝေထားသည်။ ထိုစဉ်ကဆိုလျှင် မိဘနှစ်ပါး၏ ပိတိအပြုံးသည် ၀ံ့ကြွားလို့နေခဲ့သည်။ တွေ့သမျှ လူများကိုလည်း အလှူမင်္ဂလာနေ့ရက်၊ အချိန်၊ နေရာ နှုတ်တိုက်ရွတ်လျှက် ဖိတ် ကြားလို့ နေပြန်သည်။ အလှူနေ့ရက်သည် တကယ်တော့ ကျွန်တော် ဆယ်တန်းစာမေးပွဲဖြေ အပြီး မှ ဖြစ်သည်။ သို့သော် မိဘများ၏ရင်ထဲတွင် မနက်ဖြန် သဘက်ခါ အချိန်ဆိုလျှင်ပဲ အလှူကျင်းပတော့မည့်သဖွယ် အမြဲတက်ကြွလို့ နေပေသည်။
ယနေ့ မင်္ဂလာရှိသော မနက် (၁၁း၀၀)တိတိအချိန်တွင် မင်္ဂလာမဏ္ဍပ် ထဲ၌ မောင်ရှင်လောင်းလေးများအပေါ် အောင်ဇေရတု ဖတ်ကြား သွန်းလောင်းစေခဲ့ပြီး ယခုလို စီတန်းလှည့်လည်ကာ ဘုရားစေတီတော်ဆီသို့ ဦးတည်စေခဲ့ခြင်းဖြစ်သည်။ ဘုရားသို့ရောက် သော် စေတီတော်အား လက်ယာယစ် လှည့်လည် ဦးခိုက်စေပြီး ရှင်လောင်းပြကာ နေအိမ် မင်္ဂလာ မဏ္ဍပ်ဆီသို့ ပြန်လာခဲ့သည်။ မဏ္ဍပ်ရောက်လျှင် မောင်ရှင်လောင်းများကို ပြန်မအပ်သေးပဲ၊ ရှင်လောင်းဖွက်ကာ အလှူ့ဒါယကာ၊ အလှူ့အမများအား ပြန်ရွေးစေလိုသော ပျော်ရွှင်စွာ စ,နောက်သည့် ဓလေ့တစ်မျိုးသည် မောပန်းလာသည်များအား ပြေပြောက်စေသည်။

` ၁၃၇၃ – ခုနှစ်၊ တန်ခူးလဆန်း(၂)ရက်၊ (၂၄-၃-၂၀၁၂) စနေနေ့ ´ ညနေ (၃း၀၀)တိတိအချိန် မင်္ဂလာမဏ္ဍပ်ကြီးထဲတွင် အလှူ့ဒါယကာ၊ အလှူ့အမများကို ပိတ်ဖြူခံစေကာ မောင်ရှင်လောင်းလေးများအား ဆံချမင်္ဂလာ ကျင်းပပေးနေသည့် ဦးပဉ္ဇင်းများ၏ မြင်ကွင်းသည် ကြည်နူးမှု အဟုန်ကို တိုးမြှင့်စေသည်။ ကျွန်တော်သည် ဆံခံနေသည့် ကြားထဲမှပင် မေမေအား မော့ကြည့်မိသည်။ မေမေငိုနေသည်..။ ပိုးပိုးပေါက်ပေါက် လှိမ့်ဆင်းလာသော မေမေ့မျက်ရည်များသည် ပိတ်ဖြူပေါ်မှ ကျွန်တော့် ဆံစလေးများနှင့် ရောထွေးလို့သွား ခဲ့သည်။ ဖေဖေ ကော ဖေဖေ့ဘက်သို့ လှည့်ကြည့်မိပြန်သည်။ ဖေဖေ့မျက်ဝန်းထဲတွင်လည်း မျက်ရည်များနှင့် ပြည့်လျှံနေသည်။ ဖေဖေကတော့ ယောက်ျားမို့ ထင်သည်။ အံကြိတ်ပြီး တင်းခံ နေသည် ကိုတွေ့ရသည်။

* * * * * * * * * * * * * * *

အပိုင်း (၃)

ဆံချမင်္ဂလာအခမ်းအနားသည် (၄း၀၀)အချိန်ခန့်တွင် အောင်မြင် ပြီးဆုံးသွားသည်။ ကျွန်တော့်အပါ အ၀င် ညီဝမ်းကွဲနှစ်ဦးတို့သည် သာသနာ့ခေါင်းတုံးလေးများနှင့် ပို၍ပင် ချစ်စဖွယ်လေးများ ဖြစ်နေသည်။ အင်္ကျီအဖြူ၊ ပုဆိုးအပြာကွက်နှင့် သင်္ကန်းကိုယ်စီပိုက်ကာ လက်အုပ် ချီလျှက် ရှေ့မှ ဦးပဉ္ဇင်းကြီးတိုင်ပေးသော သင်္ကန်းတောင်းအား လိုက်ဆို နေကြသည်။ ထို့နောက်တွင် သင်္ကန်းအား ရုံစေလျှက် ပဗ္ဗဇ္ဇအမွေ ရှင်သာမဏေအဖြစ် ခံယူရန် အသင့်အနေအထားသို့ ကူးပြောင်းနေပြီ ဖြစ်လေသည်။
`၁၃၇၃ – ခုနှစ်၊ တန်ခူးလဆန်း(၃)ရက်၊ (၂၅-၃-၂၀၁၂) တနင်္ဂနွေနေ့´ မနက်(၇း၀၀)တိတိအချိန်တွင် ကျွန်တော်တို့သည် ရှင်သာမဏေအဖြစ် ၀ါဆိုမည့် ကျောင်းတိုက်၏ သိမ်တော်အတွင်းတွင် ပရိက္ခရာရှစ်ပါး စုံလင်စွာ ဖြင့် ပဗ္ဗဇ္ဇအမွေ ရှင်သာမဏေအဖြစ်သို့ ငြိမ်သက်စွာ ခံယူနေကြသည်။ သိမ် အပြင်ဘက်တွင်တော့ အလှူ့ဒါယကာများ၊ အလှူ့အမများ၊ ဆွေမျိုးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များသည် ဒါတဗ္ဗ၀တ္ထုအစုစုတို့ဖြင့် ဘုရားအမှူးရှိသော သံဃာတော်အရှင်မြတ်တို့နှင် ပဗ္ဗဇ္ဇအမွေခံ ရှင်သာမဏေလေးများအား လှူဒါန်းရန် စီတန်းကာ စောင့်ဆိုင်းနေလျက်ရှိသည်။

`ဟော…..ကြွလာပြီ ဆရာတော်ဘုရားတို့ ကြွလာကြပြီ´ ဆိုသည့် ဆော်သြသံမှ လွဲ၍ အခြားဆူညံနေသော အသံတို့သည် တိတ်ဆိတ် ငြိမ်သက် သွားကြသည်။ ကျောင်းတိုက်အတွင်းရှိ ဆရာတော်ကြီးများက ရှေ့ဆုံးမှ ဦးဆောင်၍ ရဟန်း၊ သာမဏေ၊ ဖိုးသူတော်လေးများပါ စီတန်းစေလျှက် သိမ်တော်ကြီးအတွင်းမှ တစ်လှမ်းခြင်း ကြွချီလာ ကြသည်။ ကျွန်တော်သည်လည်း ဆရာတော်ကြီးများ နောက်မှ သင်္ကန်းပရိက္ခရာ စုံလင်စွာဖြင့် မျက်လွှာချလျှက် လိုက်ပါလာသည်။

`ကျွန်တော့်…အဲ့မှားလို့ ကျွန်တော်လို့ မသုံးရတော့ဘူးပေါ့။ ဘုရား သားတော် ကိုရင်.. ဟုတ်တယ်…ကိုရင်..လို့ သုံးနှုန်းမှ မှန်မယ်´ ။ ကိုရင်ရဲ့သပိတ်ထဲကို စတင်လှူဒါန်းလိုက်တဲ့ သည်လက်အစုံ ကို မျက်လွှာချထားရင်းမှပင် ကိုရင် မှတ်မိသည်။ မယ်တော်..ကိုရင့်မယ်တော် ၏ လက်ဖြစ်သည်။ စာအိတ်ဖြူလေးတစ်အိတ် ကိုင်ထားသော မယ်တော်ရဲ့ လက်အစုံသည် တုန်ရီလို့နေ၏။ စာအိတ်၏ တစ်စွန်းတစ်စ တွင် ရေစက်တို့သည် ဟိုတစ်ကွက် သည်တစ်ကွက်နှင့် စွတ်ဆို နေသည်။ ကိုရင် မော်မကြည့်ဘဲ သိလိုက်သည်။ မယ်တော် ငိုနေပြန်ပြီ…။

* * * * * * * * * * * * * * *

အပိုင်း (၄)

အလှူမင်္ဂလာအတွက် တရားတော်နာကြားအပြီး ရေစက်ချ အမျှ ပေးဝေရာတွင် မိဘနှစ်ပါး၏ ၀မ်းသာလွန်းလို့ကြသည့် မျက်ရည်သည် ရေစက်ခွက်မှ ရေများနှင့်အတူ စီးဆင်းသွားကြသည်။ ဆွမ်းစားဆောင် အပေါ်ထပ်တွင် ဘုရားအမှူးပြုသော သံဃာတော် အရှင်မြတ်တို့အား ဆွမ်း ဆက်ကပ်လှူဒါန်းပြီးနောက် ဆွမ်းစားဆောင်၏ အောက်ထပ်တွင်မူ ဧည့်သည်တော်များအား ထမင်း ကျွေးရန် ပြင်ဆင်နေလေသည်။ ဆွမ်းစားပြီး တခဏ တရားမှတ်ချိန် မတိုင်ခင် ကိုရင်ရယ်၊ ဖခမည်းတော်ရယ်၊ မယ်တော်တို့အား ဆရာတော် ဘုရားကြီးမှ အခေါ်လွှတ်လိုက်သည် ဟု ဖိုးသူတော်လေးက ဆိုသည့်အတွက် မယ်တော်တို့နှင့်အတူ ကိုရင်ပါ လိုက်ပါသွားသည်။

`ဒကာကြီးနဲ့ဒကာမကြီး၊ သည်အလှူရဲ့ ရည်ရွယ်ချက်က ဘာအတွက်လဲ။ ´
`တင်ပါ့. ဘုရား ၊ သံသရာဝဋ်အတွင်းမှ လွတ်ကင်းရန် မြတ်နိဗ္ဗာန်ကို အာရုံပြု လှူဒါန်းရခြင်း ရည်ရွယ်ပါတယ် ဘုရား´
`အေး..သံသရာဝဋ်အတွင်းမှ လွတ်ကင်းရန်အမှန် မြတ်နိဗ္ဗာန်ကို ရည်သန် တောင်းဆု အာရုံပြု လှူဒါန်းတာမို့ … ၀မ်းမြောက်ရမယ်ကွယ့်´
`တင့်ပါ..ဘုရား၊ သို့သော်လည်း မြင်းဖြူကြီးပေါ် တင်ဆောင်လာတဲ့ သားအတွက်ဝတ်စုံလေးကိုကြည့်ပြီး ရွှေထီးဆောင်းကာ မြင်းစီးနေတဲ့ သားပုံရိပ်ကို မြင်ယောင်မိလို့ပါဘုရား။ ´
` အင်း..ဖြစ်လာမှတော့ ၀ဋ်ပါလာလို့ပေါ့ ဒကာမကြီးရဲ့၊ အတိတ်ကံ ဆိုတာ ပြောမရဘူးမဟုတ်လား၊ တရားနဲ့ဖြေနိုင်ရမယ်..´
`တင်ပါ့ဘုရား၊ ယုံကြုံးမရဖြစ်ရပါတယ် ဘုရား…။ ငါးရက်လောက်သာ အသေမစောဘူးဆို သားရဲ့ဆန္ဒလေး အမှန်တကယ် ပြည့်ဝသွားမှာပါ ´
`ကဲ အခု မပြည့်ဝပေလို့လား၊ သားအတွက်ရည်စူးပြီး ရှင်လောင်းလှည့်၊ သင်္ကန်းစီးပေးလိုက်ပြီ မဟုတ်လား၊ ဒကာမကြီး´
`တပည့်တော်မ သားလေးကို နည်းနည်းလောက် ပိုဂရုစိုက်မိရင် အခုလို ဖြစ်မသွားလောက်ပါဘူး ဘုရား၊ တာဝန်မကျေဘူးလို့လည်း ခံစားမိ ပါတယ် ဘုရား.. ။ ´
`ဒကာမကြီးရဲ့.. ကားနဲ့တိုက်မိတဲ့ သူကကော တိုက်ချင်ပါ့မလား..၊ အတိုက်ခံရတဲ့ သူကကော သေချင်ပါ့မလား၊ ဒါတွေဟာ ကံစီမံရာတွေပဲ၊ အပြစ်တင်နေတယ်ဆိုတာ ပူလောင်မှုတွေပဲ၊ မိမိကိုယ်ကို မကူးစက်စေနဲ့´
`နားလည်ပါပြီဘုရား…။ ဘ၀တပါးသို့ကူးပြောင်းသွားတဲ့ သားလေးကို ရည်စူးပြီး သားလေးအတွက်ရတဲ့ လျှော်ကြေးငွေတွေကို သိမ်တော်ကြီးမှာ အသစ်လဲလှယ်မယ့် ခေါင်မိုးအလှူရှင်အဖြစ် ကုသိုလ်ပြုချင်ပါတယ် ဘုရား´
`ကဲ….ရေစက်ခွက် ပြင်ပေးဦး။ အလှူ့ဒါယကာလေးအတွက်ပါဆို သုံးခွက်……ယူလာခဲ့ ´

ရေစက်ခွက် တစ်ခွက်သည် ပိတ်ဖြူစလေးတစ်စ၏ ရှေ့တွင် ငြိမ်သက်စွာ နေရာယူ နေလေသည်။

* * * * * * * * * * * * * * *

ဇာတ်သိမ်းပိုင်း

`အားလုံးကြားကြားသမျှ…
အမျှ…အမျှ…အမျှ… ယူတော်မူကြပါ ကုန်လော…
သာဓု…သာဓု…သာဓု…။ ´
ဟုဆိုလိုက်သည့် မိဘနှစ်ပါး၏ အမျှဝေသံသည် ကျွန်တော်နားဆီသို့ ပဲ့တင် ရိုက်ခတ်သွားသည်။
`အို…မေမေ…မငိုပါနဲ့ မေမေ…မငိုပါနဲ့တော့။ ဘာကြောင့် ငိုနေရ တာလဲ ။ မငိုပါနဲ့မေမေ ရယ်။ ´

သား ရဲ့ ဆန္ဒတွေ ပြည့်ဝပါတယ်။ သား မြင်းဖြူစီးပြီး ရွှေထီးဆောင်း ခဲ့ရပါတယ်။ ပဗ္ဗဇ္ဇအမွေခံ ရှင်သာမဏေအဖြစ်လည်း ရောက်ရှိခဲ့ပါတယ်။ အခုလည်း သား သိမ်တော်ကြီးရဲ့ အလှူ့ဒါယကာလေး အဖြစ်ကိုလည်း ခံယူနေပါတယ်။ ဖေဖေနဲ့မေမေတို့ပြုခဲ့တဲ့ အလှူဒါနကို သား သာဓု…သာဓု…သာဓု ခေါ်ဆိုလိုက်ပါတယ်။

`မငိုပါနဲ့တော့ မေမေရယ်´

ဆက်လက်ကြိုးစားပါဦးမည်။
ဒီကောင်မလေး*

Leave a Comment

ချစ်ခြင်း၏တာဝန်

တစ်ဦးတစ်ယောက်ကို ချစ်မိပြီ ဆိုလျင် …!
အသေအချာစဉ်းစားပါဦး၊ အချစ်နဲ့ပတ်သတ်ပြီးဘယ်လိုယူဆထားပါလဲ ?
အုတ်မြစ်ချ စတည်,ကတည်းက နေရာမကျရင် ဘယ်လောက်ခိုင်ခံ့ကြီးမားတဲ့ အဆောက်အဦ ဖြစ်ပါစေ…တစ်နေ့မှာ ပြိုလဲသွားနိုင်လို့ပါ။

အချစ်တစ်ခုတည်း မရည်ရွယ်စေချင်…!
မိန်းကလေးတစ်ယောက်အတွက် အချစ်ဆိုတာ ပေါ့ပေါ့တန်တန်လေးတော့ မဟုတ်ဘူးနော်.. !
မိန်းကလေးတွေရဲ့အချစ်ဟာ သူတို့တစ်ဘ၀လုံးနဲ့သက်ဆိုင်နေပါတယ်။

သစ္စာရှိပေးပါ..!
အချစ်ဆိုတာ အမြဲတစေ အသစ်တဖန် ပြန်မွေးဖွားလွယ်တယ်။
ဒါပေမယ့် တစ်ဦးတစ်ယောက် ထဲပေါ်မှာသာ အချစ်သစ်တွေ မွေးဖွားနေတယ်ဆို အကောင်းဆုံးပေါ့။

ဦးဆောင်မှုပြုပါ…!
မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ရှေ့ဆက်ရမယ့် အနေအထားကို ရဲရင့်ပြတ်သားစွာ မားမားမတ်မတ် ဦးဆောင်မှု ပြုနိုင်ပါစေ ။

ဖြူစင်ရိုးသားမှုပေးနိုင်ပါစေ…!
အရာရာတိုင်းပေါ် ဖြူစင်ရိုးသား နိုင်ပါ့မလား ဆိုတာ မိမိကိုယ်ကိုလေ့လာ ဆန်းစစ်ပါ။
အမှန်တကယ် ရိုးသားပွင့်လင်းတဲ့ ဆက်ဆံရေးမျိုးကို တည်ဆောက်ပေးနိုင်မယ်ဆို ကောင်းပါတယ်။

ဘာတွေပဲ ပေးဆပ်ရ ပေးဆပ်ရ ဆိုတာက…!
အပြိုင်အဆိုင် စကားနိုင်လုပြီး ပြောနေကြတာထက် လက်တွေ့လုပ်ရပ်ကသာ ပိုမို အရေးပါ, ပါတယ်။

နားလည်ခွင့်လွှတ်ပေးနိုင်ပါတယ် လို့ အရင် မပြောမိပါစေနဲ့…!
ဒီစကားလေးက ပြောတော့သာ လွယ်ကူတာပါ၊ ဒီစကားမပြောခင် အရင်ဆုံး လိုက်လုပ်ကြည့်ပါဦး။

တာဝန်ယူနိုင်ပါစေ..!
အစားကို ကုန်အောင်စားလို့ရတယ်.. စကားကို ကုန်အောင် မပြောမိပါစေနဲ့။
ထွေးပြီးသား တွံတွေးကို ပြန်မြိုချလို့မရဘူး…ကိုယ်ပြောမိတဲ့စကားကို အဆုံးထိ တာဝန်ယူနိုင်မှ `လူ´ ပီသမှာပါ!
ကိုယ်ကိုကိုယ်တောင် တာဝန်မယူနိုင်သေးပဲနဲ့ လွယ်လွယ်နဲ့ `ထာဝရ´ ဆိုတဲ့ စကားကို မပြောမိပါစေနဲ့ ။

ဒါကို နားလည်ထားပါ…!
ကိုယ်ဘယ်လောက် စိတ်ချမ်းသာ ပျော်ရွှင်နေတယ်ဆိုတာ ကိုယ့်ရဲ့ရရှိပိုင်ဆိုင်သွားမှုပေါ်မှာ မူတည်နေတာ မဟုတ်ပါဘူး…။ စိတ်၏ တွေးတောနိုင်ခြင်းပေါ်မှာသာ မူတည်ပါတယ်!

အရေးကြီးဆုံးအချက်က…!
လူတိုင်းကိုညာလို့ရတယ်…. ဒါပေမယ့် ကိုယ်ကိုကိုယ့်တော့ မညာမိပါစေနဲ့။

ချစ်မိသူတိုင်း ချစ်ခြင်းရဲ့ အခြေခံသဘောတရားကို နားလည်ခံစားနိုင်ပါစေ…။

ဒီကောင်မလေး*

Leave a Comment

တစ်စုံတစ်ရာ

အတိတ်ဆိုတာ သောင်ပြင်မှာ ရေးခြစ်ပြီး
ကမ်းစပ်ကိုလှိုင်းပုတ်ယုံနဲ့ ပျောက်ကွယ်သွားသလို မပျောက်ကွယ်နိုင်ဘူး
တစ်စုံတစ်ရာ တည်ရှိနေလိမ့်မယ်။

အတန်းသင်ခန်းစာ ပြီးဆုံးနေပေမယ့် လောကသင်ခန်းစာက ခုနေခါမှ စတယ်
သရုပ်ပြချက်တွေထက် လက်တွေ့လုပ်ရပ်က  ပိုရက်စက်တယ်
တစ်စုံတစ်ရာ ပေးဆပ်ရလိမ့်မယ်။

ကိုးကွယ်မိတဲ့ အချစ်က ထင်ထားတာထက် အယောင်ဆောင်မှုတွေ ပိုများတယ်
ဘယ်သူနဲ့မှ အမှား အမှန် ပြိုင်ငြင်း မနေတော့ပါဘူး
တစ်စုံတစ်ရာ မှန်လိမ့်မယ်။

ခက်ခဲမှုတိုင်းက လွယ်ကူခြင်းရဲ့ လမ်းစဖြစ်လာသလို
ဘ၀အတွက် စိန်ခေါ်မှုတွေကို ယှဉ်ပြိုင်ဖို့လိုလာတိုင်း ငါ အတွက် ခံနိုင်ရည်ဆိုတာ
တစ်စုံတစ်ရာ က အားအဖြစ်ပြောင်းပေးတယ်။

မိုးရွာပြီးစ သစ်ရွက်အဖျားလေးမှာ တွဲလဲခိုနေတဲ့ ရေကြည်တစ်စက်ပေါ်ကို
နေရောင်ခြည်ဖြာကျလိုက်တဲ့အခါ စိန်ရောင်တွေလို တဖျပ်ဖျပ်တောက်ပနေသလောက်
မျက်ဝန်းအိမ်ဖျားမှာတွဲလဲခိုနေတဲ့ ငါ့ မျက်ရည်စက်က ကြည့်မကောင်းခဲ့ပါဘူး..။

သေချာပါတယ်

နှလုံးသားတစ်နေရာမှာ တစ်စုံတစ်ရာ က စူးနစ်ဝင်ရောက်ထားဆဲ။

Leave a Comment

ဒါတွေလား…မမက်ဘူး

`စဉ်´ ဆိုတဲ့ ဂဏန်းနံပါတ် အခါခါတပ် သတ်မှတ်ချက်နဲ့
ချစ်လိုက်ရမှ ပျော်ရွှင်နေတာ………ဒါလား ?
နင်ပြောနေတဲ့ အချစ်ဆိုတာ !

`စံ´ ဆိုတဲ့ နှုန်းထား နဲ့ အရှုံးအမြတ် ဈေးတွက် တွက်
ရွေးလိုက်ရမှ ပြီးပြည့်စုံတာ …….ဒါလား ?
နင်ပြောနေတဲ့ ကြင်ယာဆိုတာ !

`ဂုဏ်´ ဆိုတဲ့ ပကာသန ဗန်းပြလွှမ်းခြုံ စန်းပွင့်ပုံ
ဝံ့ကြွားလိုက်ရမှ ကျေနပ်နေတာ…….ဒါလား ?
နင်ပြောနေတဲ့ ဘ၀ဆိုတာ !

`ထာဝရ´ ယောက်ျားတစ်ယောက်ရဲ့ ရင်ခွင်ကို လိုအပ် နေတဲ့
အားနွဲ့သူ မိန်းမသားတစ်ဦးရယ်လို့လည်း…
မမှားလိုက်လေနဲ့ ။

`ပ´ ဆိုတဲ့ အချစ်ဆုံး နေရာ သရဖူကို ဆောင်းခွင့်ရလို့
ဂုဏ်ယူ ၀ံ့ကြွားနေလိမ့်မယ်လို့လည်း…
မမှတ်လိုက်လေနဲ့။

`ဒု , တ´ ဆိုတဲ့ စင်ပြိုင် လိုက်လာမယ့် နံပါတ်တွေကို
ကြိုဆိုရအောင် ပြည့်ဝလှသူလို့လည်း…
မထင်လိုက်လေနဲ့။

`ငါ´ ဆိုတဲ့ မိန်းမက ပြိုင်ဘက်မရှိ ဆိုတာကိုမှ လိုချင်တာ
လက်ကျန်တွေထဲက စံနှုန်းညီတဲ့သူကိုသာ…
ထပ်ကာရွေးလိုက်ပါဦး။

ဒါတွေလား…ငါ…မမက်ဘူးကွယ် :P

Leave a Comment

သုံးလွန်းတင်မှကြိုး

 

အခန်း (၁)

 ရန်ကုန်မြို့လယ်တွင် ရှုပ်ထွေးသောကားများ၊ လမ်းဘေးဝဲယာ ပလက် ဖောင်းပေါ်တွင် အပြိုင်အဆိုင် ပျံကျဈေးသည်များနှင့် လမ်းသွား၊ လမ်းလာ သူများ  ဥဒဟို သွားလာနေကြသည်။ ယနေ့မှ ငယ်လေး တစ်ယောက် အိမ်ကအထွက် နောက်ကျ၊ လိုင်းကား မရနှင့် သင်တန်းချိန် ကလည်း နီးကပ်နေပြီဖြစ်သဖြင့် ကားပေါ်မှပြေးဆင်း၊ လမ်းဘေးဝဲယာ  မျက်လုံး ကစားလိုက်ကာ ကားရှင်းသည်နှင့် လမ်းဖြတ်ကူးရန်ဟန် ပြင်လိုက်သည်။ သင်တန်း၏ ပထမဆုံးနေ့မို့ နောက်ကျမှ စာသင်ခန်းတွင်း မ၀င်လို။ လက်မှနာရီငုံ့ကြည့်ကာ မီးပွိုင့်မှ မီးစိမ်းကလေးကလည်း အချက်ပြနေလေပြီ။ နောက်တစ်ခါသာ ဤမီးပွိုင့်ကိုသာ ထပ်စောင့်ရလျှင်  ထိုအတွေးဖြင့် အလျှင်စလို လမ်းဖြတ်ကူးပြီးကာမှ လမ်းလယ်ရောက်မှ မီးပွိုင့်က အ၀ါရောင်ပြောင်းသွားလေပြီ။ မထူးတော့ပါဘူးဟု ပြေးဟန်ပြင်ကာ ခြေလှမ်းအားအရွေ့ ၀ှီခနဲ ကားရိပ်တခုကြောင့် အလန့်တကြား နောက်ပြန်ဆုတ်ရလေသည်။ ရှေ့မှဖြတ်ထွက်သွားသော အဖြူရောင်ကား လေးအား ငေးကြည့်လျှက် ကျွတ်ကခဲ စုပ်သတ်လိုက်မိတော့၏။

ငယ်လေး ပန်းဆိုးတန်း မီးပွိုင့်ရောက်တော့ သင်တန်းချိန်တောင် လွန်နေပြီ။ အတန်းမ၀င်မှီ စုံစမ်းရေးကောင်တာတွင် လိုအပ်သော စာရွက်စာတန်းဖြည့်၊ သင်ကြားရေးစာအုပ်ယူ၊ စာရင်းသွင်းနှင့် နောက်ကျမှ မ၀င်ချင်သော ငယ်လေး အခန်းတွင်းသို့ နောက်ဆုံးမှ ၀င်ဖြစ်သွားသည်။

***

စီးပွားရေးဘာသာရပ်ဖြင့် အဝေးသင်မှ ဘွဲ့ ယူထားသော်လည်း ငယ်လေးအတွက် အလုပ်က ထင်သလောက် မလွယ်။ ဘယ်နေရာ အလုပ်သွားလျှောက်လျှောက် LCCI Level ဘယ်လောက်ပြီးပြီလဲ? MYOB တတ်လား?၊ ဒါဖြင့် အခြားကော? စသည်ဖြင့် မေးခွန်းပေါင်းများစွာကို ကြားခဲ့ရသည်။

 ငယ်လေးက ရပ်ကွက်ဈေးထိပ်က ထွန်း စာရေးကိရိယာ အရောင်းဆိုင်နှင့်မိတ္တူကူးဆိုင်မှာ ဆယ်တန်းအောင်စဉ် ကတည်းက အကူ အရောင်းစာရေးအဖြစ် ၀င်လုပ်ပြီး တက္ကသိုလ်ကို တက်ခဲ့ရတာပါ။ အိမ်အလုပ်ရယ်၊ ကျောင်းစာရယ်၊ ဈေးဆိုင်ရယ်ပဲ အချိန်ပေးနိုင်သည်။ ယခုလို သင်တန်းကျောင်းများကိုတော့ စိတ်ကူးထဲတောင် မထည့်နိုင်ခဲ့ ပါဘူး။ အခုတော့ ဘွဲ့လဲရပြီ။ အများသူငှာလို ကုမ္ပဏီတစ်ခုမှာ စာရင်းကိုင် အလုပ်လေး ၀င်လုပ်ချင်တာ။ အခုကျတော့ သူတို့မေးတဲ့ ဟာတွေကြောင့် ဆိုင်ပိုင်ရှင်ကို စနေ၊ တနင်္ဂနွေ ညနေခင်းပိုင်း ခွင့်ပေးပါဟု တောင်းပန်ပြီး ကွန်ပျူတာ စာရင်းကိုင်ပညာရပ်ကိုပါ ထပ်လေ့လာရပြန်သည်။ ကံကောင်း သည်က ဆိုင်ရှင်သည် ငယ်လေးတို့ ငယ်စဉ်ကတည်းက အတူနေရပ်ဆွေ၊ ရပ်မျိုးတွေလို အသိဖြစ်နေသည်မို့။ ကြားရက်တွေ ဆိုပြန်တော့ ဈေးဆိုင်က လူရှင်းပေမယ့် သင်တန်းရက်က ငါးရက်တောင် ဆက်တိုက်တက်ရမှာ။ ငယ်လေးမှာ သင်တန်းကြေးတောင် အနိုင်နိုင် လမ်းစရိတ်နဲ့ မတတ်နိုင်ဘူး။

ငယ်လေး သိတတ်စအရွယ်ကတည်းက အဖေက ညနေစောင်းပြီ ဆိုလျှင် အရက်ကလေး တထွေထွေဖြင့် ရှိနေတတ်သည်။ ရန်ကုန်ဆိပ်ကမ်းတွင် တနေကုန် တနေခမ်း ကြုံရာ၊ ကျဘမ်း အထမ်းသမား တစ်ဦးအဖြစ် ပင်ပန်းစွာ အလုပ်လုပ်ကိုင်ရင်း ရှာကျွေးလာသည်မှာ ယခု ငယ်လေး တက္ကသိုလ် ရောက်သည့် အချိန်အထိ အလုပ်လည်းမပျက် ညနေပြန်လာလျှင်လည်း ထွေထွေ မပျက် ပြန်လာနေကြဖြစ်၏။  အဖေအလုပ်မှ ပြန်လာလျှင် အသင့်ပြင်ထားသော ထမင်းစားပွဲတွင် ထိုင်ကာ ရှိတာဖြင့် အဆင်ပြေအောင် စားသည်။ ထို့နောက် လုပ်စရာရှိသည်များ လုပ်အပြီး ခဏအကြာတွင် အိပ်ရာသို့ ၀င်သွားလေ့ရှိသည်။

`ကြီးကြီး..ငယ်လေး တစ်ခုလောက် သိချင်တယ်၊ ဟိုလေ..´ ဟု အစချီလေတိုင်း ကြီးကြီး က `ဘာမေးဦးမလို့လဲ၊ နောက်မှမေးတော်… ကျုပ်မအားဘူး၊ ဆော့စရာရှိတာ သွားဆော့´ ဟု ပြောကာ ရှောင်ထွက်သွားတတ်သည်။ ထိုသို့ဆိုလေတိုင်း ငယ်လေးကလည်း ကလေးပီပီ မေ့လျော့ပြီး အဆော့ဘက်သို့ ကူးပြောင်းသွားမြဲဖြစ်သည်။ ထိုမေးခွန်းမျိုးကို အဖေ့အား မေးဖူးသည်။ အဖေသည် စိတ်ဆိုးမာန်ဆိုးဖြင့် ငယ်လေးအား ဤသို့ မေးရမည်လားဟု ဆိုကာ ရိုက်ဖူးသည်။ ကြီးကြီး ၀င်ဆွဲ၍ တော်သေး၏။ ဘာပဲဖြစ်ဖြစ် ငယ်လေး အဖေ့ကို ချစ်သည်။

***********************************************************************

အခန်း (၂)

ဒေါ်နန်းစီသည် ဘိုးစဉ်ဘောင်ဆက် ချမ်းသာသောမျိုးရိုးမှ ဆင်းသက် လာသူဖြစ်သည်။ မိဘများလက်ထက် ကတည်းက စိန်နဂါး လက်ဖက် ရောင်းဝယ်ဖြန့်ဖြူးရေး အလုပ်ကို ဦးစီးလုပ်ကိုင် လာသည်မှာ ယခု သမီးများအိမ်ထောင် အသီးသီးကြသည့်တိုင် စီမံခန့်ခွဲ နေဆဲဖြစ်သည်။ သားသမက်၊ သမီးများ၊ မြေးများနှင့် သိုက်သိုက်ဝန်းဝန်း နေထိုင် လုပ်ကိုင်နေရ၍ ယခုထက်တိုင် ကျန်းမာလျှက် အမြဲ ရွှင်တပြုံးပြုံးနှင့် ရှိလှသည်။

မြေးလေးဖိုးကောင်း၏ ဘ၀တွင် လိုချင်တာမှန်သမျှ သူ ဖြည့်ဆည်းပေးသည်။ သူ့မာမာက ပို၍ ချစ်သည်။ သူ့ပါပါကတော့ သိပ်မျက်နှာသာမပေးလှပေ။ တစ်ဦးတည်းသောသားမြေး အငယ်ဆုံးလေး မို့ အကဲပိုရသည်က ဒေါ်နန်းစီပင်ဖြစ်လေသည်။ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်းတွင် အတူတူ နေထိုင်ပြီး မြေးလေး စိုင်းကောင်းထက် ကို မသိသူမရှိပေ ။  ဒေါ်နန်းစီမွေးထားသော သမီးသုံးယောက်အနက် ဖိုးကောင်း၏မာမာက အငယ်ဆုံးဖြစ်ပြီး သမီး မိန်းကလေးများသာ မွေးဖွားလွယ်သော ဤအိမ်ကြီး အလယ်၌ သားယောက်ျားလေး ဖွားမြင်လာသော ဖိုးကောင်းက အိမ်ဆည်းလည်းလေး ဖြစ်၍လာသည်။

မြေးလေးဖိုးကောင်းက ဘိုးစဉ်ဘောင်ဆက် လက်ဖက်လုပ်ငန်းကို မည်သို့မျှ စိတ်မ၀င်စားနိုင်။ ဖွားဖွားတို့ခေတ်တုန်းက ဒီလိုသင်တန်းမျိုးတွေ မတတ်ခဲ့လည်း အခုဖွားဖွား ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲပြီး အလုပ်လုပ် နေတာပဲ ဟု အမြဲပြောနေကြ ဖြစ်သည်။ နောက်ပြီး မမတို့ လည်းရှိနေတာပဲ။ စာရင်း၊ အင်း ပညာရပ်များကို စိတ်မ၀င်စား။ မြေးလေး စိတ်ဝင်စားသည်က ကွန်ပျူတာ! နည်းပညာပိုင်းဆိုင်ရာ ပညာရှင် တစ်ဦးဖြစ်ချင်သည် ။ မြေးလေးက သူငယ်ချင်းများကဲ့သို့ နိုင်ငံခြားတွင် ပညာသွားသင်ချင်သည်။ သို့သော်  ဤအဆိုကို မတင်သွင်းခင် ကတည်းက ဒေါ်နန်းစီက ပယ်ချပြီးသားဖြစ်နေသည်။

***

ဖိုးကောင်းတစ်ယောက် ပါပါ၏ အမိန့်ကို မလွန်ဆန်နိုင်၍ ဤသင်တန်းသို့ ရောက်နေရခြင်း ဖြစ်လေသည်။ ပါပါ၏ စီမံကိန်းသည် ဖွားဖွား၏ နေရာကို ဖိုးကောင်း တစ်ယောက် ဆက်ခံနိုင်ရေးဖြစ်သည်။ အုပ်ချုပ်သူကောင်းတစ်ယောက် ဖြစ်စေရန် အတတ်ပညာမျိုးစုံကို သိထားရမည်ဟု ဆိုသည်။ ထိုအတွက်ကြောင့် ရန်ကုန်မြို့အတွင်းရှိ နာမည်ကြီးသင်တန်းကျောင်း သင်တန်းပေါင်းစုံသည် ဖိုးကောင်း တစ်ယောက် မတက်ဖူးသော နေရာမရှိ။

ကျောင်းမသွားခင် ဖိုးကောင်း၏အလုပ်မှာ ပါပါ့ထံမှ မုန့်ဖိုး တောင်းသည်။ မာမာ့ အားလည်း ပါပါမသိအောင် မျက်ရိပ်မျက်ချေပြ၍ ထပ်တောင်းသည်။ ထို့နောက် ဖွားဖွားအခန်းသို့ဝင်ကာ ပါပါက မုန့်ဖိုး နည်းနည်းပဲပေးပါသည်ဟု ထပ်ချွဲပြန်၏။ အတူနေ ၀မ်းကွဲအမများ ထံမှလည်း မပေးမချင်း ဂျီပူလုပ်တတ်သေး၏။ တစ်အိမ်လုံးလှည့်ပတ်၍ စိတ်ကျေနပ်သွားကာမှ ကျောပိုးအိတ်ကိုကောက်လွယ် ကားကိုဝူးခနဲ မောင်းထွက်၊ သီချင်းကိုမိုင်ကုန်ဖွင့် သင်တန်းသို့ ချီတက်မြဲဖြစ်၏။

စိတ်မ၀င်စားသော ပညာရပ်ကို ၀တ္တရားအရ သင်ယူနေရသည်မို့ ဖိုးကောင်းသည် စာသင်ခန်းအတွင်း ငိုက်ချင်ချင်ဖြစ်နေ၏။ Leacture သင်ခန်းစာ ပြီးသွားသောအခါ ကွန်ပျူတာနှင့် ဆက်လက် သင်ရသည်။ ဖိုးကောင်းမျက်လုံးအစုံသည် ဘေးမှ Mouse ကို အုပ်မိုးထားသော ဖြူသွယ်နေသော လက်ဖမိုးဆီသို့ အလိုလိုရောက်ရှိသွားသည်။ Mouse မှ မီးရောင်ကြောင့် သွယ်လျှသော လက်ချောင်းလေးများအလယ် တဖျပ်ဖျပ်လပ်နေသော စိန်ပွင့်လေးကြောင့် ဖြစ်၏။ နဂါးဦးခေါင်း အမောက်နှင့် အမြီးယှက်၍ စိန်တစ်လုံး မြှုပ်ထားသော နဂါးမောင်းကွင်းလက်စွပ်။ ဖိုးကောင်း ကိုယ့်လက်ကို ကိုယ်ပြန်ငုံ့ကြည့် မိလိုက်သည်။ လက်စွပ်ပိုင်ရှင် ကောင်မလေးကို တစ်ချက်တော့ ကြည့်မိလိုက်သည်။

***********************************************************************

အခန်း (၃)

 

 `ငယ်လေး သမီး စာသင်ရမယ်နော်´ ဟု ကြီးကြီးက ပြော၏။ ငယ်စဉ်က ပညာမတတ်ခဲ့ရသော အဖေတို့ မောင်နှမအား နမူနာပြ၍ ဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် ပညာသင်စေလျှက် ပညာတတ်ကြီးတစ်ဦး ဖြစ်စေရန်အမြဲ ဆုံးမလေ့ရှိသည်။ ထိုနေ့က ကြီးကြီးက ငယ်လေးကို ရေချိုးပေး၊ ဖြူဝင်းနေသော အသားအရေ၊ မျက်ရစ်မရှိသော မျက်လုံး၊ မို့မောက်နေသော ပါးမို့မို့ထက် သနပ်ခါး ပဲကြားလူးပေးပြီး ဆံပင်ကို ကြက်တောင်စည်းလေး စည်းပေးလိုက် သောအခါ တရုတ်မ ပေါက်စကလေးနှင့် တထပ်တည်း တူသွားလေသည်။ ငယ်စဉ်ကတည်းက ကြီးကြီးရော အဖေနှင့်ပါ မတူဘဲ အသားဖြူဖြူ၊ သေးသေးညှပ်ညှပ် တရုတ်မလေး ပုံပေါက်နေသဖြင့်  တရုတ်မ၊ ပိစိမ စသည်ဖြင့် အိမ်နားပတ်ဝန်းကျင်နှင့် သူငယ်ချင်းများက ခေါ်တတ်သည်။

ငယ်လေးကို မွေးမွေးပြီး မီးတွင်းမှာပင် အမေဆုံးပါးသွားခဲ့သည် ဟု ကြီးကြီးပြောပြ၍ သိရသည် ။ ထိုအချိန်မှစ၍ အဖေသည် ကြီးကြီးမှအစ အခြားမည်သူ့ကိုမှ လိုအပ်သည် ထက် ပို၍စကားမပြောတော့ပေ။ ငယ်လေးသည်လည်း အပါအ၀င်ဖြစ်ခဲ့၏။ ငယ်လေး၏ဘ၀တွင် ဒီကြီးကြီးတစ်ယောက်သာ အမေဆိုလည်း ဟုတ်ခဲ့သည်။ တိုင်ပင်ဖော် တိုင်ပင်ဖက်ပါ ဖြစ်ခဲ့ရသည်။ အဖေသည် ငယ်လေးတို့အား စကားကို စတင်ကာ မပြောသော်လည်း  မေးသမျှကို ကောင်းမွန်စွာတော့ ပြန်ဖြေပေးတတ်၏။ တစ်ခါတစ်ရံ ထူးထူးခြားခြား မျက်ဝန်းအိမ်တွင် မျက်ရည်အပြည့်ဖြင့် ငယ်လေးအား ငေးစိုက်နေ တတ်ပြန်သည်။ ငယ်လေး သတိထားမိသည့် အချိန်တိုင်း မျက်နှာလွှဲသည်။ ထိုင်ရာမှ ထသွား တတ်သည်။ ထိုအခါမျိုးတွင် ကြီးကြီးသည်လည်း မျက်နှာ မကောင်းတတ်။

ကြီးကြီးကတော့ အပျိုကြီးမို့ မိတဆိုးသမီးလေး တူမဖြစ်သူ ငယ်လေးအား သနားချစ်ပိုသည်။ ငယ်လေးက ကြီးကြီးနှင့် အခန်းထဲတွင် တူတူအိပ်သည်။ ငယ်လေးဖေဖေက အိမ်ရှေ့တွင် သပ်သပ် တစ်ယောက်တည်း အိပ်တတ်သည်။ အခါအားလျော်စွာ ည အိပ်ရာဝင် ငယ်လေးသတိရသွားသည့် အခါမျိုးတွင် `ကြီးကြီး..ငယ်လေး က မွေးစားသမီးလားဟင်´ မေးကြည့်ရာတွင် `ဟဲ့ ပေါက်ကရတွေ လာမမေးစမ်းနဲ့၊ ငါ့သမီးလေးကို ဘယ်သူပြောလဲ၊ မဟုတ်ပါဘူးဆို  ဒါပဲ ခဏခဏ မဟုတ်တာတွေကို စိတ်ထဲ ထည့်နေတယ်၊ ကဲအိပ်တော့၊ ကျုပ်လည်းအိပ်ချင်နေပြီတော်၊´ ဆိုပြီး ဟိုဘက်လှည့်၍ ဟောက်သံပင် ပိုကျယ် ပြလိုက်သေးသည်။ ငယ်လေးလည်း မကြာပါချေ..  ကြီးကြီးနှင့်အပြိုင် ခလူး.ခလော.ဟောက်ကာ အိပ်ပစ်လိုက်တော့သည်။

***********************************************************************

အခန်း (၄)

 `ခင်မြတ်ငယ် ၊ ခင်မြတ်ငယ် ရှိပါလား?´

ရုံးဝန်ထမ်း ကောင်မလေးတစ်ယောက်၏ မိမိနာမည်ခေါ်သံကြောင့် ငယ်လေး ရင်ထဲထိတ်ခနဲ ဖြစ်သွားသည်။

`ဟုတ် ရှိပါတယ်ရှင့်..လာပါပြီ ´

ကမန်းကတမ်း ပြန်ထူးလိုက်ရင်း ထိုကောင်မလေး နောက်မှ အသာလေး ကပ်လိုက်သွားသည်။ ငယ်လေး ခြေလှမ်းများကို ထိန်းလျှောက် နေရင်းမှပင် အနည်းငယ် တုန်လျှက်ရှိသည်။ အခန်းတစ်ခန်းရှေ့ အရောက်တွင် ခုနက နာမည်ခေါ်သော ကောင်မလေးက ငယ်လေး ကို `၀င်သွားလို့ရပါပြီ´ ဟု ဆို၏။

 ငယ်လေး ခပ်ဟဟ ဖွင့်ထားသော အခန်းတံခါးကို `ဒေါက်ဒေါက်´ အသံပြု တွန်းဖွင့်ရင်း `၀င်ခွင့်ပြုပါရှင်´ ဟု ခွင့်တောင်းလိုက်သည်။ `၀င်ခဲ့ပါ´ ဆိုသော အသံပိုင်ရှင်သည် အသံသြဇာနှင့်ပြည့်စုံလျှက် တည်ကြည်ခန့်ညားလှသည်။ ထိုသူ၏ဘေးတွင် ငယ်လေးထက် နှစ်နှစ်ခန့် အသက်ကြီးမည်ထင်ရသော အမအရွယ် အမျိုးသမီးငယ် တစ်ဦးလည်း ယှဉ်ထိုင်လျှက် ရှိသည်။ ထိုသူတို့ရှေ့အရောက် ပြုံးရွှင်သောမျက်နှာထားဖြင့် `ထိုင်ခွင့်ပြုပါရှင်´ ဟု ထပ်မံ ခွင့်တောင်းလိုက်သည်။ ဤတစ်ခါတွင် ပါးစပ်ဖြင့် အဖြေမပေးပဲ လက်ဟန်ဖြင့် ထိုအမက ထိုင်ခိုင်းသည်။

 ငယ်လေးလည်း ငယ်လေးအဖေနှင့် အသက်ရွယ်တူလောက် ရှိမည်ဟု ခန့်မှန်းရသည့် လူကြီးထံသို့ ကိုယ့်တိုင်ရေးရာဇ၀င် လှမ်းပေးလိုက်သည်။ ငယ်လေးကိုတစ်လှည့် ငယ်လေးရဲ့ ကိုယ်ရေးရာဇ၀င်ကို တစ်လှည့် ကြည့်လိုက်ပြီး မေးခွန်းစထုတ်တော့သည်။ ထို့နောက် အမကပါ ငယ်လေးရာဇ၀င်ကို လှမ်းယူပြီး ဟိုလှန် ဒီလှန်ဖြင့် ကြည့်ရှုသည်။ နှစ်ဦး၊ တစ်ဦး အပြန်အလှန် မေးလိုက် ဖြေလိုက်ဖြင့် နာရီဝက်သာသာခန့် ကြာသွားသည် ထင်သည်။

 ထိုအခန်းထဲကထွက်လာမှ ငယ်လေး အသက်ကို ၀၀ရှုရဲတော့သည်။ သတင်းစာတွင်ကြော်ငြာပါသည့်နေမှ စ၍ တစ်ပတ်အတွင်း လျှောက်လွှာ လာယူရန် ကြော်ငြာတွေ့တော့ သွားလျှောက်မိသည်။ စိတ်ထဲတွင် မယုံရဲလှ။ သို့ပေမယ့် သင်တန်းက ပူပူနွေးနွေးပြီးထားခါစဆိုတော့ စာတွေ့ လက်တွေ့ က မမေ့သေး။ ဒီလို ကုမ္ပဏီကြီးမှာ မမျှော်မှန်းပေမယ့် ရလိုရငြား ၀င်လျှောက်ကြည့်တာ။ ရသွားရင်တော့ ငယ်လေး ပျော်ရမှာပေါ့။ လစာက ကောင်း၊ ယူနီဖောင်းကလည်းလှ၊ ဒါ့အပြင် ငယ်လေးတို့လို လူတန်းစား ရပ်ကွက်ထဲမှာ ဖယ်ရီကားလေးနဲ့ လာကြိုမှာဆိုတော့. အတွေးနဲ့ပင် ငယ်လေးသွေး နထင်ရောက်နေသည်။

 ***********************************************************************

အခန်း (၅)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ဇယန်းကျေးရွာမှ ထွက်ရှိသော လက်ဖက်စိုသည် လူကြိုက်များပြီး နာမည် ကျော်ကြားလှသည်။ ခူးပြီးသား လက်ဖက်ရွက်နုများကို ပီနံအိတ်ထဲသို့ သိပ်ထည့်ပြီး မြေတွင်းထဲမှာ ၈ လမှ ၁၀ လကြာ ဖိသိပ်ပြီးနောက် လက်ဖက်စိုအဖြစ် ထုတ်လုပ်ရောင်းချသဖြင့် `စိန်နဂါး´ အမည်ရှိ လက်ဖက်သည် နာမည် ကျော်ကြား လှသည်။

လက်ဖက်သုပ်သည် မြန်မာ့ရိုးရာ စားစရာတစ်ခုဖြစ်သည်။ အဆင့်မြင့် ထုတ်ပိုးမှုပုံစံဖြင့် Export အဆင့်မြှင့်လိုက်သောအခါ အဝေးရောက် အမိနိုင်ငံသားများ၊ ကမ္ဘာလှည့် ခရီးသည်များအကြား တဖြေးဖြေး ရေပန်းစားလို့နေသည်။ လက်ဖက်သုပ်၏ ထူးကဲသော အရသာကိုလည်း စားဖူးသူတိုင်းသိကြ၏။ ထို့အပြင် လက်ဖက် ရွက်သစ်ဝေချိန် ဧပြီလ သင်္ကြန်မိုးမရွာခင် ခူးဆွတ်ပြီး ရရှိသော လက်ဖက်ကိုအခြောက်ခံကာ အကောင်းစား ရွှေဖီမိုလွတ် လက်ဖက် ခြောက်အဖြစ် ထုတ်လုပ်  ဈေးကွက်တင်သော အခါ `စိန်နဂါး´ ကုမ္ပဏီ သည် ပိုမိုကျယ်ပြန့်လာသည်။ ယခုအခါ စံပယ်လက်ဖက်ခြောက်၊ ကောက်ညှင်းလက်ဖက်ခြောက် ဟု ထပ်မံ၍ ထုတ်လုပ်လိုက်သောအခါ လက်ဖက်လောကတွင် နာမည်ကြီးသော ကုမ္ပဏီတစ်ခု ဖြစ်လာရ တော့သည်။

***

 ဦးတေဇာထက် တစ်ယောက် ခေါင်းထဲငြီးစိစိဖြစ်နေသဖြင့် အလုပ်များ ကိုလက်စသတ်ကာ အိမ်သို့စောစီးစွာပြန်လာခဲ့သည်။ ထူးဆန်းစွာအိမ်သို့ စောစောပြန်လာပြီး အိပ်ခန်းထဲ တန်းဝင်သွားသော ခင်ပွန်းကြောင့် ဒေါ်နန်းလုံ တစ်ယောက် အံ့သြကာ နောက်မှ လိုက်ဝင်သွားသည်။ `ကို နေမကောင်းဘူးလား´ ဟု မေးရင်း နဖူးကို လက်ဖြင့်စမ်းလိုက်၏။ ခင်ပွန်း၏ `ကောင်းပါတယ်´ ဆိုသော အဖြေကို ဘ၀င်မကျပေမယ့် `ဒါဆိုလည်း နားလိုက်ဦး၊ ခနနေ လန်းသွားအောင် ရေချိုးထားလိုက်နော်၊ ထမင်းပွဲပြင်ပြီးရင် ညစာစားဖို့လာခေါ်မယ်´ အလိုက်အထိုက်ပင် မသိချင်ယောင်ဆောင်လျှက် ထွက်လာခဲ့လိုက်သည်။

ဦးတေဇာထက် ထမင်းသာ စားနေရသော်လည်း ဘာဟင်းတွေ ချက်ထားမှန်းပင်မသိ၊ အရသာလည်း မထူးခြားပဲ ပြီးသွားသည်။ ထမင်းဝိုင်းမှ စောလျှင်စွာထလာပြီး အခန်းတွင်းသို့ ၀င်သွားတော့သည်။ စာကြည့်ခုံတွင် ထိုင်ကာ ငိုင်နေစဉ် ခနကြာတော့ အခန်းအတွင်းသို့ မိန်းမဖြစ်သူ ၀င်လာသဖြင့် စာအုပ်တစ်အုပ်ကို ကမန်းကတမ်း လှန်ထားလိုက်၏။ အချိုပွဲသစ်သီးပန်းကန် လာချပေးရင်း လူကို စူးစမ်းသလို ကြည့်ပြီးမှ ဘာမှမပြောပဲ ပြန်ထွက်သွားသည်။

 ***

 လွန်ခဲ့သောနှစ် နှစ်ဆယ်ကျော်ခန့်က အတိတ်၏ အတွေးပုံရိပ်သည် တရိပ်ရိပ်ဖြင့် ဖြေးညင်းစွာ အသက်ဝင်လာခဲ့လေပြီ။ ရန်ကုန် – မန္တလေး – လားရှိုး လမ်းမကြီးထက် ကားငယ်လေးတစ်စင်း တရိပ်ရိပ် ပြေးနေသည်။ ထိုကားငယ်လေးထဲတွင် ယာဉ်မောင်း အဘကြီး၊ နောက်ခန်းတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးငယ်နှင့် အမျိုးသားဟု ယူဆရသူ လူရွယ် တစ်ဦးတို့ စီးနင်းလိုက်ပါလာသည်။ `အား၊ ကျွတ်ကျွတ်.. နာလိုက်တာ၊ မရတော့ဘူး ကိုရေ နာလိုက်တာ´ ဟု အော်ညည်းသံကြောင့် လူရွယ်သည် ဘာလုပ်ရမှန်းမသိအောင်ပင် ဖြစ်သွားသည်။ ယာဉ်မောင်း အဘကြီးက ` အဘတို့ပြင်ဦးလွင်ကိုကားပြန်လှည့်ပြီး နီးစပ်ရာဆေးရုံကို သွားမှနဲ့တူတယ် မောင်ရင်´ ဟု အကြံပေးချက်ကို လက်ခံသည့်အလား `ကဲ ဒါဖြင့် အမြန်လေးမောင်းပါဗျာ၊ ခပ်မြန်မြန်လေးမောင်း´ ဟု ပြောရင်း တေဇာထက်တစ်ယောက် မိန်းမဖြစ်သူ၏ လက်လေးအား ဖြစ်ညှစ်၊ ဆုပ်ကိုင် အားပေးရင်း လိုက်ပါလာရသည်။

တေဇာထက် လက်ဖက်ခူးချိန်ရောက်တိုင်း ရှမ်းပြည်သို့ တစ်နှစ် တစ်ခေါက် လောက်တော့ တက်လေ့ရှိသည်။ `စိန်နဂါး´ လက်ဖက် ကုမ္ပဏီပိုင်ရှင်၏ သမီးအငယ်ဆုံး နန်းလုံ နှင့် အိမ်ထောင်ကျသည့်နှစ်မှစ၍ သင်္ကြန်တွင်းကို အလုပ်ကိစ္စအတွင်းမှာပဲ နှစ်မြှုပ်လာသည်မှာ ဤနှစ်ပါဆို သုံးနှစ် တိုင်ခဲ့လေပြီ။ ပူပူနွေးနွေးဇနီးမောင်နှံ မဟုတ်သည့်တိုင် နှစ်တိုင်း ခရီးအတူတူ လိုက်နေကြမို့ ဒီနှစ်နေခဲ့ပါဆိုသည်ကို ချစ်ဇနီးချောက မျက်နှာ မကောင်း။ မိခင်ကိုယ်တိုင် မလိုက်ခိုင်းသည့်ကြားမှ ကိုယ်ဝန် ၇ လပဲ ရှိသေး သည်ဟု အကြောင်းပြကာ မရမက လိုက်၍လာသည်။ ယခုတော့ … တေဇာထက်မှာ စိတ် အပူကြီးပူကာ ဇနပုဒ် တဲငယ်လေးရှေ့ ကွပ်ပြစ်ပေါ်တွင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လို့နေသည်။ မိမိထက် အသက် နှစ်နှစ်၊ သုံးနှစ်ခန့် ကြီးမည်ထင်ရသော အိမ်ရှင်ယောက်ျားသည် လည်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လို့နေသည်။

`မွေးပြီတော် ဧည့်သည် မွေးပြီ ´ ဟူသော အသံသည် `အူဝဲ..အူဝဲ….အူဝဲ´ ဆိုသော အသံနှင့် တပြိုင်နက်ထွက်၍ လာသည်။ အခုမှပဲ လည်ပင်းဝမှ အလုံးကြီး အောက်ကျသွားသဖြင့် ဟင်းခနဲ သက်ပြင်းချနိုင်သည်။ ထို့နောက် အနှီးဖြူဖြူလေးနှင့် ပိုက်ထွေးကာ နီတာရဲကလေးလေး အမျိုးသမီးကြီးတစ်ယောက်က ယူဆောင် လာပြသည်။ `အူဝဲ..အူဝဲ.´ ငိုမြည်သံက `ဖေဖေ…ဖေဖေ´ ခေါ်မြည်နေသယောင်.. မျက်လုံးပိတ်ပိတ်လေးက မိမိကို မပွင့်တပွင့်ဖြင့် ကြည့်နေသယောင်.. ။

မျက်လုံးကိုမှိတ်ထားသည်မှာ မည်မျှကြာသွားသည် မသိ ဇနီးသည် ၀င်လာသည်ကို မသိလိုက်။ `ကို မအိပ်သေးဘူးလား ည ၁၁ နာရီတောင် ထိုးတော့မယ်´ ဟု ဇနီးသည်၏ သတိပေးစကားသံကြောင့်  မှိတ်ထား သော မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ ကလေးငယ်၏ပုံရိပ်လွှာ သည်ေ၀၀ါးလို့သွားပြန်ပါသည်။ စူးစမ်းသလိုကြည့်နေသော မိန်းမကို `သား ပြန်လာပြီလား နန်းလုံ´ ဟု စကားလမ်းကြောင်းလွှဲလိုက်သည်။ `ဟုတ်၊ ပြန် လာပြီ ကို့ ကိုတောင် မေးနေသေးတယ်´ ။

သား…။ ဦးတေဇာထက် ဘ၀တွင် ဤသားလေးမွေးလာမှ ကံဇာတာ တက်လာရသည် ပြောရမည်။ နန်းလုံအမေ ဒေါ်နန်းစီက သမီးမိန်း ကလေးများအပြင် မြေးများမှာလဲ မိန်းကလေးများ ဖြစ်နေသောကြောင့် မြေးသားလေးမွေးသူကိုသာ မျက်လုံးထဲ မြင်ရှာသည်။ လုပ်ငန်းများတွင် လည်း  သိသိသာသာ ဦးဆောင်လုပ်ကိုင်စေသည်။ သား ဖိုးကောင်းသည် တစ်အိမ်လုံး၏ အချစ်တော် ဖိုးကံကောင်း ဖြစ်၍လာတော့သည်။ ပို၍ကံကောင်းလာစေရန်…….။

***********************************************************************

 အခန်း (၆)

 ငယ်လေး.. ၏ ဘ၀ ကံဇာတာ နည်းနည်းကောင်းလာသည် ထင်သည်။ ငယ်လေး အရမ်းလိုချင်လှသောအလုပ်၊ သို့ပေမယ့် ဤသို့ရလိမ့်မည်ဟု  မထင်မှတ်ထားသော အလုပ်က  ဆက်သွယ် လာသည်။ မနက်မိုးမလင်းမှီကပင် ကြီးကြီးက ထမင်းဟင်းချက်ပြီး သွားပြီ။ ငယ်လေးက ရေချိုး၊ အကျအန ဖြီးလိမ်း ပြင်ဆင်ယုံပဲ။ ကြီးကြီးပြင်ပေးထားသော ထမင်းချိုင့် ဆွဲကာ ကြီးကြီးနှင့်အဖေ့အား နှုတ်ဆက်လျှက် ကားဂိတ်သို့ ခပ်သွက်သွက် လှမ်းထွက်ခဲ့သည်။ ငယ်လေး ကားမှတ်တိုင် အလွန် လောက်မှာ ရပ်ကာ ကားနံပါတ်အား နှုတ်မှလည်းရွတ်၊ မျက်စိကို လည်း အအားမပေးပဲ ရှိလို့နေရသည်။ ဖယ်ရီကားက ဤနားတွင် လူတစ်ဦး တက်မည်ကို သိသော်လည်း မည်သူ၊ မည်ဝါဟု မမြင်ဖူးသောကြောင့် ငယ်လေးကပင် ကားနံပါတ်အား မျက်စိရှင်ရှင်ဖြင့် ရှာရမည်ဖြစ်သည်။

ငယ်လေး၏ ပထမဆုံးရုံးတက်နေ့သည် ခက်ခဲမှုမရှိ အဆင်ပြေ ချောမွေ့လှသည်။ အကောင့်ခန်းမှ စီနီယာ အမများကလည်း ဖော်ရွေကာ သင်ကြားပြသပေးကြသည်။ ငယ်လေး အင်တာဗျူးဝင်စဉ်က တွေ့ခဲ့ရသော အမသည် Accounting Manager မနန်းသူဇာ ဖြစ်သည်။ ဤကုမ္ပဏီပိုင်ရှင် သူဌေးကြီး ဒေါ်နန်းစီ၏ မြေးအကြီးဆုံး ဖြစ်သည်ဟုလည်း သိရသည်။ နောက်တစ်ဦးမှာ CEO ဦးတေဇာထက် ဖြစ်သည်။ ကုမ္ပဏီအလုပ် စာရင်းလည်းသင်၊ ကုမ္ပဏီအကြောင်း လည်းလေ့လာနှင့် အထက်အရာရှိ လူကြီးပိုင်းများ အားလည်း မှတ်မိသလောက် ရှိလာသည်။

ငယ်လေးအလုပ်သည် အမှာစာစာရင်း၊ ငွေထုတ်ငွေသွင်းစာရင်း အပြင် တစ်ခါတစ်ရံ အပြင်အရောင်းဆိုင်များသို့ပင် ငွေလိုက်ကောက် ရသည်။ တစ်နေ့ ငယ်လေး ငွေအပ်ရန် မမနန်းအခန်းသို့အသွား ငယ်လေးနှင့် အသက်ရွယ်တူ လူရွယ်တစ်ဦးကို တွေ့ရသည်။ ပထမ ထိုလူရွယ်က ငယ်လေးဝင်လာသည်ကို တအံ့တသြကြည့်သည်။ နောက်မှ ပြုံးပြပြန်၏။ အမျိုးမျိုး ပြောင်းနေလဲသော သူ့မျက်နှာကို ငယ်လေး မမှတ်မိဖြစ်နေသည်။ ငယ်လေးကို တနေရာရာမှာ မြင်ဖူး၊ သိဖူးလို့သာ ပြုံးပြခြင်းဖြစ်ရမည်ဟု အတွေးထဲတွင် အဖြေရှာနေမိသည်။

`ခင်မြတ်ငယ်…ခင်မြတ်ငယ် မဟုတ်လားဟင်´ ထိုလူရွယ်က နာမည်ပါခေါ်ပြီး နှုတ်ဆက်သည်။ မမနန်းက ထိုလူရွယ်ကို တစ်လှည့် ငယ်လေးကို တစ်လှည့် ဘယ်တုန်းက သိကြလဲ ဆိုသော အမေး ဖြင့်ကြည့်နေသည်။ `ခင်မြတ်ငယ် မမှတ်မိဘူးထင်တယ်.. ကိုတို့ သင်တန်း မှာ ဆုံဖူးတယ်လေ´ ဟု ထပ်မံ ပြောတော့မှ.. ငယ်လေး ဖြတ်ခနဲ မှတ်မိသွား သည်။ တပြိုင်နက် အားလည်းနာသွားသည။် `ဟုတ်ပါတယ်..ခုနက မမှတ်မိတာ စိတ်မကောင်းပါဘူး´ဟု ပြောလိုက်၏ ။ မမနန်းက `တို့ ဖိုးကောင်းနဲ့ငယ်လေးက ဘယ်သင်တန်းမှာ တွေ့ကြတာတုန်း´ ဟု အမေးကို `MYOB တက်တုန်းကပါ´ ဟု ဒီတစ်ခါတော့ ငယ်လေးက  ဦးစွာ အဖြေပေးလိုက်သည်။ `သားပြန်တော့မယ် မမကြီး´ဟု ပြောရင်း ငယ်လေးကိုလည်း ပြုံးပြကာ နှုတ်ဆက်သွားသည်။ နောက်မှသိရ၏။ ထိုသူမှာ ဒေါ်နန်းစီ၏ အချစ်ဆုံးမြေး ဖိုးကောင်း ဟု ခေါ်သော စိုင်းကောင်းထက် ဖြစ်လေသည်။

 ***********************************************************************

အခန်း (၇)

 

 ဦးသာအေး တစ်ယောက် သီချင်းတအေးအေး ဆိုညည်းကာ သနပ်ခါးလူး၊ အလုပ်သွားဖို့ပြင်ဆင်နေသော သမီးကလေးကိုကြည့်ကာ မျက်ရည်ဝဲမိသည်။ တချိန်က သူသာ စိတ်ရူးမပေါက်ခဲ့ပါလျှင်.. သမီးကလေး၏ ဘ၀သည် ဤမျှကြမ်းတမ်းလိမ့်မည် မထင်။ သမီးက ငယ်စဉ်ကတည်းက စာကြိုးစားသည်။  ယခု အချိန်ထိ မိဘ၏အရိပ်အကဲ နားလည်ကာ နေထိုင်တတ်သည်။ လူကြီးမိဘ ရိုသေသည်။ ယခုလို သမီးလေး အလုပ်ရသွားတော့ ` သမီးက သူတစ်လှည့်ရှာကျွေးပါရစေ ´ ဆိုသဖြင့်  နေ့တိုင်းသွားလုပ်နေကြ ကုန်ထမ်းသမားအလုပ်ကို စွန့်လွှတ် လိုက်ရ၏။ ထိုသို့သမီးကလိမ္မာလေ. ဦးသာအေးအတွက် ပိုလို့ စိတ်ထိခိုက်ရလေ ဖြစ်စေသည်။ သူ၏ကြီးကြီးကတော့ ချောမော လှပ လှသော ပညာတတ် သူ့တူမလေးအတွက် ဂုဏ်ယူနေပေသည်။

`အဖေ့´ဟု သမီးလေးခေါ်သံကြောင့် `ဟေ့..´ ပြန်ထူးမိသည်။ `သမီးကို ဘာပြောစရာရှိလို့လဲ´ဟု ရုံးသွားဖို့ပြင်ဆင်နေရင်းမှပင် လှမ်းမေး၏။ `မရှိပါဘူးသမီးရယ်.. ငါ့သမီးလေး လှလို့ကြည့်နေတာ´ `အယ်.. သမီးကို မြှောက်ပြောနေပြန်ပြီ.. အဲ့ဒါ အမေလှလို့နေမှာပေါ့´ဟု ပြောလိုက်သော သမီး၏အသံကြောင့် ပျက်ယွင်းမလိုဖြစ်သွားသော မျက်နှာ ကို ထိန်းလိုက်ရသည်။ `ကဲ..အလုပ် နောက်ကျဦးမယ် သွားတော့လေ သမီး၊ ဂရုစိုက်သွားနော်´ အခြေအနေကို သူ့ကြီးကြီး က ၀င်ထိန်းလိုက်၏။

***

 ငယ်လေးတို့ရုံးက ၆မိုင်ခွဲ ပြည်လမ်းပေါ်မှာရှိသည်။ အိမ်နှင့်သိပ်မဝေး လှသော်လည်း ၀န်ထမ်းများ အလုပ်လာရ၊ ပြန်ရ သက်သက်သာသာ ဖြစ်စေရန်  ဖယ်ရီ စီစဉ်ပေးထားသည်။ ငယ်လေးတို့ ကုမ္ပဏီသည် အကြီး ကြီးမဟုတ်သော်လည်း လက်ဖက် လောကတွင်တော့ နာမည်ကြီးလှသည်။ ၀န်ထမ်းများကို မိသားစုသဖွယ် ဆက်ဆံသည်။ `၀န်ထမ်းကောင်းမှ အလုပ်ကောင်းမည်။ အလုပ်ကောင်းမှ ရေရှည်တည်မြဲနိုင်လိမ့်မည်´ဟူသော ဆောင်ပုဒ်အား လက်ကိုင် ထားသည်။ ငယ်လေး သူဌေးဒေါ်နန်းစီကို တစ်ခါ နှစ်ခါလောက်တော့ မြင်ဖူးသည်။ သဘောကောင်း၍ ချစ်ခင်နှစ်လိုဖွယ်ကောင်းသော အဖွားကြီးဖြစ်သည်။

ငယ်လေး ဖယ်ရီပေါ်တွင် ဘယ်သူနှင့်မျှ စကားမပြောပဲ တစ်ကိုယ်တော် စဉ်းစားခန်းဝင်လာသည်။ ငယ်လေးနှင့် အလုပ်တစ်ခန်း  ထဲ တူတူလုပ်သည့် စီနီယာအမကြီးက ငယ်လေးလက်စွပ်ကိုကြည့်ပြီး မမနန်း လက်စွပ်နဲ့တူသည်ဟု ပြောသည်။ ငယ်လေးတို့ ကုမ္ပဏီတံဆိပ်နှင့်လည်း တူနေသည်။ သူဌေးသမီးတွေပဲ ရှိမှာပေါ့ ဒီဇိုင်းအမျိုးမျိုးဝတ်မှာ ပေါ့ ဟု ထင်မိသည်။ အစပိုင်း ငယ်လေးကတော့ သတိမထားမိခဲ့။ သူက ဘာရယ်မဟုတ် ဆက်ပြောသည်။ သူသိသလောက်က ဒီလက်စွပ်မျိုးက အပြင်မှာ ဒီဇိုင်းမရှိဘူး၊ ဒေါ်နန်းစီတို့မိသားစု ပိုင်တံဆိပ် ဟု ပြောသည်။ လက်စွပ်တွင် ရှမ်းဘာသာစကားဖြင့် ရေးထိုးထားသော နာမည်ရှိသည် ဟုပြောသည်။ နောက်ဆုံး မမနန်းကို လက်စွပ်လေး လှလို့မေးကြည့်ရင်း မမနန်းပြောပြတာပါဟု စကားပြန်ပိတ်သွားသည်။ ငယ်လေးဖေဖေ က လက်ဆောင်ပေးတာပါဟု သာ ပြန်ပြောခဲ့သည်။ ငယ်လေးကို အားနာ၍ ထင်သည် ။ ဘာမှဆက်မမေး။ ဒါတောင် လက်စွပ်ကို ချွတ်မပြခိုင်းဘဲ လက်ကို အသေအချာ ကိုင်ကြည့်လိုက်သေးသည်။

ငယ်လေး တက္ကသိုလ်ဝင်တန်းအောင်စာရင်းထွက်တဲ့ နေ့က အဖေ အရက်မသောက်ပဲ အိမ်ပြန်လာတယ်။ ငယ်လေး စာမေးပွဲအောင်မှာ ကို ကြိုသိနေသည်တဲ့။ ငယ်လေးရှေ့မှာ အဖေရယ်(ရီ)တာ၊ အဖေပြုံးပျော် နေတာ  အဲဒီ့တစ်နေ့က ငယ်လေးရဲ့ဘ၀မှာ မှတ်မှတ်ရရ ပါပဲ။ နောက်ပြီး အဖေက ထမင်းစားပြီးတော့ ငယ်လေးကို စကားစပြောတယ်. လက်ထဲကို အထုပ်လေး တစ်ထုပ်လည်း ပေးသည်။ ကြီးကြီးလည်း အနားမှာရှိ၏။ ငယ်လေး သိချင်စိတ်ဖြင့် ချက်ခြင်းဖြေကြည့်လိုက်သည်။။ ငယ်လေး ဘ၀မှာ ရွှေဆိုတာ သူများတွေ ၀တ်တာ၊ အရောင်းဆိုင်မှာ၊ ရုပ်ရှင်တွေထဲမှာ မြင်ဖူးနေပေမယ့် ခုလိုအနီးကပ်မြင်ဖူး၊ ကိုင်တွယ်ဖူး တာတော့ ဒါပထမဆုံးပဲ။ လှလိုက်တဲ့ လက်စွပ်လေး.. ကိုယ်ထည်က လက်စွပ်အ၀ိုင်း သဏ္ဍာန်၊ နဂါးအမောက်နဲ့ အမြှီးလေးက ခွေယှက်နေပြီး ထိပ်မှာ စိန်ပွင့်အသေးလေးတစ်လုံးက လင်းခနဲ လက်ခနဲ။

ငယ်လေး လက်စွပ်ကို အိမ်ရောက်မှ သေချာကြည့်လိုက်ဦးမယ် ဟု တေးမှတ်ထားလိုက်သည်။

***********************************************************************

အခန်း (၈)

 

 ရောင်စုံမီး ထိန်ထိန်လင်းနေသော လှပသည့် ခြံဝန်းတစ်ခုအတွင်း လူတစ်စု လှုပ်လှုပ်ရှားရှားဖြစ်နေသည်။ ထိုလူစုထဲတွင် ငယ်လေးလည်း ပါဝင်နေသည်။ တစ်နှစ်တစ်ခါ ၀န်ထမ်းများနှင့် မိတ်ဆုံစားပွဲ ပျော်ပျော်ရွှင်ရွှင် ကျင်းပလေ့ရှိသော ငယ်လေးတို့ကုမ္ပဏီ၏ ထူးခြားသော နှစ်ပတ်လည် နေ့ထူးနေ့မြတ်လည်းဖြစ်သည်။ ဒီပွဲကို မနန်းသူဇာက ဦးဆောင်ပြီး ငယ်လေး တို့လူငယ်တွေက ပွဲဖြစ်မြောက်ရေးအတွက် ကူညီပေးနေခြင်းဖြစ်သည်။

ငယ်လေး ဤအိမ်ခြံကြီးမျိုးထဲမှာ ပြုလုပ်ကျင်းပတဲ့ အခုလို ပွဲခင်းထဲ ပါဝင်ဆင်နွှဲရမည်လို့ တစ်သက်မှာ တစ်ခါတောင် ထင်မထားမိဘူး။ ထိုနေ့ညက ငယ်လေးတို့ သူဌေးဒေါ်နန်းစီက ၀န်ထမ်းတွေကို ကျေးဇူးတင် စကားပြောကြားသည်။ နောက် နှစ်ရှည်လများစွာ အတူပူးပေါင်း တာဝန် ထမ်းဆောင်ပေးသော ၀န်ထမ်းများကို အသိအမှတ်ပြုသည့် အနေဖြင့် ဆုလက်ဆောင်တွေ ပေးသည်။ ငယ်လေးတို့က ဆုလက်ဆောင်မရပေမယ့် ရတဲ့သူများကဲ့သို့ပင် ပျော်ရွှင်နေ၏။ စိုင်းကောင်းထက် ကိုလည်း ငယ်လေးတွေ့ရသည်။  အဖွား၊ အဖေ၊ အမေ နှင့် ဆွေးမျိုးများအလယ် မှာ မင်းသားလေးတစ်ပါးလိုပဲ ခန့်ငြားလှ၏ ။ ဤအိမ်ကြီးအလယ် မိသားစုများနှင့် ပူပင်ကြောင့်ကြမှုမရှိ ပျော်ရွှင်စွာနေလာရသော သူ့ဘ၀ ကို ငယ်လေး အားကျမိသည်။

ငယ်လေး တွေးနေမိတာ အချိန်မည်မျှ ကြာသွားမှန်း ကိုယ်ကို ကိုယ်ပင်မသိလိုက်။ `ခင်မြတ်ငယ်´ဟု ငယ်လေး၏ နာမည်ကို တိုးတိုးလေး အနားကပ် ခေါ်လိုက်သည်မို့ ရုတ်တရတ် လန့်သွားမိသည်။ ထို့နောက် သူက နှစ်လိုဖွယ်ပြုံးပြသည်။ လိုအပ်သည်ထက် စကားတွေ ဖောင်ဖွဲ့ကာ ပြောနေပြန်သည်။ သူ၏ နောက်ကျောဘက်ကို ကျော်၍ ငယ်လေး မြင်နေရသည်။ အမျိုးသမီးကြီးတစ်ဦး ငယ်လေးထံသို့ ဦးတည်၍ လာနေသည်။ အမျိုးသမီးကြီးဆိုပေမယ့် အသက်သိပ်ကြီးပုံ မပေါ်။ အသား ဖြူဖြူ၊ ခန္ဓာကိုယ် အချိုးလှသော ကိုယ်နေဟန်ထား၊ ဆံပင်ကို ပြင်သစ်ဆံထုံးမျိုး ထုံးဖွဲ့ထားပြီး တည်ကြည်သော မျက်နှာထားက မြင်ရသူ ရင်ကို အေးမြစေသည်။ ထိုအမျိုးသမီးကြီးက ငယ်လေးတို့အနား နီး ကပ်လာလေ ငယ်လေးရင်တွေ ပိုခုန်လာလေ၊ မှင်သက်မိ လေဖြစ်ရ၏။ `သား.. ဖိုးကောင်း´ ဟု နှုတ်မှထွက်လာသော အသံနှင့် `ဟော..မေမေ´ ဟူသော အသံတွေကြောင့် ထိုအမျိုးသမီးကြီး သည် မည်သူမည်ဝါ ဖြစ်သည်ကိုမပြောပဲ ငယ်လေး သိသည်။ သူ့မေမေနှင့် ငယ်လေးကို မိတ်ဆက်ပေးနေသည်။ ထိုအချိန်တွင် ငယ်လေးစိတ်ထဲ ၀မ်းနည်းသလို အားငယ်မိသလို ခံစားရသည်။ ဘ၀တွင်တစ်ခါမှ မမြင်လိုက် ရသော ငယ်လေး၏ မိခင်ကို လွမ်းဆွတ် တမ်းတမိသည်။

***********************************************************************

အခန်း (၉)

ငယ်လေးရဲ့ ရွှေတောင်ကြီးတစ်ခြမ်း ပြိုကျသည့်နေ့သည် ကြီးကြီးဆုံးသည့်နေ့က ဖြစ်သည်။ ကြီးကြီးသည် ငယ်လေးအတွက် မနက်ထမင်းထချက်ပေးရာ ခေါင်းမူးတယ်ဆိုပြီး ခဏပြန်လှဲနေရာမှ ငယ်လေး အလုပ်သွားခါနီးတိုင် ပြန်ထမလာတော့ပါ။ ငယ်လေးဘ၀ရဲ့ မိခင်ဟု ဆိုရလောက်အောင် ပြုစုစောင့်ရှောက်ခဲ့သူ၊ ငယ်လေးကို ပတ်ဝန်းကျင်မှ ကလေးများက `အမှိုက်ပုံထဲက ကောက်ရတဲ့ကလေး ပိစိမ၊ လူစဉ်မမှီဘူး´ စသည်ဖြင့် ဆော့ကစားတိုင်း အနိုင်ကျင့်သည်ကို ထမိန်တိုတိုဝတ်ကာ `ညည်းလား ငါ့တူမကို ပြောတာ၊ နင်လား ငါ့တူမ ကို ရိုက်တာ´စသည်ဖြင့် လူကြီးတန်မဲ့ ရန်ဖြစ်ပေးသူ၊ ယခုထိတိုင် ငယ်လေးဘ၀ကို နွေးထွေးစွာ ကာကွယ်ပေးသူ၊  ထိုသူသည် ငယ်လေးဆီသို့ ဘယ်တော့မှ ပြန်လာနိုင်မည် မဟုတ်တော့ချေ။

ကြီးကြီး အသုဘချတော့ ရုံးမှ သူငယ်ချင်းများ လာကြသည်။ ထိုနေ့က စိုင်းကောင်းထက်လည်း ရောက်လာသည်။ ငယ်လေးကို အားပေး ကြသည်။ ငယ်လေးကြီးကြီး ရက်လည်ဆွမ်းသွပ်သည့်နေ့မှာ  မမနန်းနှင့်အတူ ဒေါ်နန်လုံလည်း ပါလာသည်။ အဖေနှင့်  စကားတွေ ပြောနေကြသည်ကို တွေ့ရသည်။ ငယ်လေးတောင် အံ့သြနေသည်.. အဖေ မည်သူ့ကိုမျှ အဲ့သလောက် ဧည့်ခံစကားမပြော..။ ငယ်လေးကုမ္ပဏီမှ လူကြီးမို့ ထင်သည်။

ကွယ်လွန်သူအတွက် ရည်စူးပြုလုပ်သော အလှူရေစက်ချကို  အမျိုးဘကြီး တော်သူ ဆရာတော်ကြီးက တရားပေးသည်။ အပြန်ကျ  ညနေ ကျောင်းသို့ ခဏလျှောက်လာခဲ့ရန် မိန့်တော်မူသွားသည်။

ဦးသာအေး.. ပထမ ကြက်သေ သေသွားမိသည်။ ဆရာတော် ဆုံးမနေ သည်ကို ခေါင်းငုံ့ထားကာ မျက်ရည်တသွင်သွင် ကျနေသည်။ အမက သူမဆုံးခင် ဘကြီးတော်သူ ဆရာတော်ကြီးကို သူ့အပြစ်တွေအတွက် ၀န်ချ သွားသည်တဲ့. ဆရာတော်ဘုရားက ` မလုပ်သင့် မလုပ်အပ်တာကို နင်တို့ တွေ လုပ်လိုက်ကြတာပဲ၊ အချိန်ရှိတုန်း ပြုပြင်ကြ ´လို့ မိန့်မှာလိုက်သည်။  အိမ်ပြန်ရောက်သည့် တိုင် စိတ်တွေလေးလံနေခဲ့သည်။ လွန်ခဲ့သော နှစ် နှစ်ဆယ်ကျော်ခန့်က အဖြစ်အပျက်တို့သည် ညစဉ် ညတိုင်း ဦးသာအေး အား အိပ်မရအောင် ခြောက်လှန့်နေသည်မှာ ယနေ့ထိတိုင်ဖြစ်သည်။ ထို့ကြောင့် ညည အိပ်ပျော်ရန် ဦးသာအေး၏ အဖော်မှာ အရက် ဖြစ်လို့လာ ရသည်။

ဦးသာအေး၏ မိန်းမ မငြိမ်းရှင် က ကလေးမွေးပြီးပြီးချင်း မီးတွင်းထဲမှာ ပင် ဆုံးသွားသည်။ ကလေးက ဦးသာအေးဘ၀၏ ကံကြမ္မာ အလှည့် အပြောင်း ဖြစ်စေသည်။ ထိုပတ်ဝန်းကျင်တွင် ဆက်လက် မနေထိုင်လိုတော့သဖြင့် အမရယ်၊ လူမမယ်ကလေးရယ် ကို ခေါ်ကာ ငြိမ်းအေးသော တောင်ပေါ်ဒေသကို စွန့်ခွာခဲ့၍ ရန်ကုန်မြို့ကြီးရှိ အမျိုးဘုန်းတော်ကြီး ရှိသော ဤမြို့သစ်သို့ ထွက်ခွာလာပြီး အခြေချနေထိုင်လာခဲ့သည်မှာ သမီးကလေး တစ်သက်ပင် ရှိလေပြီ။

***

 ရုံးပြန်တက်သည့်နေ့ ကြီးကြီးရက်လည်ကိစ္စများအတွက် ပင်ပန်း ထားသည့်အရှိန်ကြောင့် ထင်သည်။ နေမကောင်းချင်သလို၊ ခေါင်းထဲ မူးနောက်နောက်ဖြစ်နေတာရယ်ကြောင့် မမနန်းဆီ က ခွင့်တောင်းပြီး နေ့လည်ကတည်းက အိမ်ပြန်လာလိုက်သည်။ ငယ်လေးတို့ အိမ်ရှေ့တွင် ကားတစ်စီးရပ်ထားသည်။ ထိုကားကို ငယ်လေး သိသည်။ ဦးတေဇာထက်၏ ကားဖြစ်သည်။ ဘာကိစ္စရှိလို့ပါလိမ့်. ဟိုနေ့ကလည်း စိုင်းကောင်းထက်၏ အမေနှင့် စကားတွေဖောင်ဖွဲ့နေတာ တွေ့ရသည်။ အဖေနှင့် အသိတွေလား၊ လူကြီးများ စကားပြောနေသည်မို့ အိမ်ရှေ့မှာပင် ခဏ ရပ်စောင့် နေလိုက်သည်။   ဘေးအိမ်က အမက ငယ်လေးကို လှမ်း နှုတ်ဆက်လိုက် သောကြောင့် အဖေနှင့် ဦးတေဇာထက် အပြင်သို့ ထွက်လာ ကြသည်။ ဦးတေဇာထက် က ငယ်လေးကို နှစ်လိုဖွယ်မျက်လုံးဖြင့် စေ့စေ့စိုက်ကြည့် သွားသည်။ ငယ်လေးခေါင်းမူးနေ၍ ခွင့်ယူလာကြာင်းတော့ ပြောပြ လိုက်သည်။ `ပင်ပန်းသွားတာကိုး.. နားပါ သမီးလေး အေးဆေးအနားယူပါ.. သက်သာမှ အလုပ်ပြန်တက်ပေါ့´ ဟု ပြောသွားသည် ။ အဖေကတော့ တစ်ခွန်းမှ ၀င်မပြော မျက်နှာက မပြုံးမရီ။

 ငယ်လေး၏ မေးခွန်းများသည် နှုတ်က ထွက်မလာပေမယ့် မျက်ဝန်း များက သိချင်နေသည်ကို သက်သေထူနေသည်။ အဖေက `သမီးသိချင်တာ အခုတော့ အဖေမပြောပြနိုင်သေးလို့ ခွင့်လွှတ်ပါ´ သည့် တောင်းပန်မျက်လုံးမျိုးနှင့် ကြည့်သည်။ ငယ်လေး လည်း အဖေ မပြောချင်သည်ကို မမေးတော့ပဲ `ငယ်လေး နောက်မှ သိရမယ့်ကိစ္စဆိုရင် ရပါတယ် အဖေ´ လို့ ပြောပြီး နှုတ်ဆိတ်နေလိုက်တော့သည်။ ငယ်လေးစိတ်ထဲတွင်တော့ ပဟေဌိ များစွာ ကျန်ရစ်ခဲ့သည်။ တနေ့နေ့တော့ ငယ်လေး သိရပါလိမ့်မည်။

 ***********************************************************************

အခန်း (၁၀)

 

`ကို ဒီနေ့ နန်းလုံ တို့ သားလေးမွေးခဲ့တဲ့ အိမ်က မိသားစုနဲ့ တွေ့ခဲ့ တယ် သိလား´ ဇနီးသည်၏ ၀မ်းသာအားရပြောလိုက်သံကြောင့် ဦးတေဇာထက် သောက်လက်စ ကော်ဖီပန်းကန် လွတ်ကျသွားသည်။ `အို..မှောက်ကုန်ပြီ ကိုကလည်း သတိထားတာ မဟုတ်ဘူး´ ဟု ပြောပြော ဆိုဆို တစ်ရှူးပြေးယူသော ဇနီးသည်အား ငေးကြည့်ကာ မည်သည့်စကားမျှ မဆိုနိုင်တော့ချေ။ ဇနီးသည်ကတော့ ဦးတေဇာထက်အား မကြည့်ပဲ သူတွေ့ လာရသည့် ကျေးဇူးရှင် မိသားစု၊ ဘယ်မှာနေကြောင်း၊ အမကြီးဆုံးသွားသဖြင့် စိတ်မကောင်းကြောင်း ကိုသာ တတွတ်တွတ်ဖြင့် ပြော နေလေတော့သည်။

“အနှီးဖြူဖြူလေးနှင့် ပိုက်ထွေးကာ နီတာရဲ ကလေးလေးက `အူဝဲ..အူဝဲ.´ ငိုမြည်သံ၊ `ဖေဖေ…ဖေဖေ´ ခေါ်မြည်နေသယောင်.. မျက်လုံးပိတ်ပိတ်လေးက မိမိကို မပွင့်တပွင့်ဖြင့် ကြည့်နေသယောင်.. ဦးတေဇာထက် မျက်လုံးထဲတွင် ကလေးငယ်လေး၏ ပုံရိပ်သည် ထပ်ခါတလဲ လဲ ထပ်ခါတလဲလဲ.. “

အိပ်ရာက လန့်အနိုး တစ်ကိုယ်လုံး ဇောချွေးများဖြင့်  ရွှဲနစ်နေသည်။

**

`မွေးပြီတော် ဧည့်သည် မွေးပြီ်၊´ဟူသော အသံသည် `အူဝဲ..အူဝဲ….အူဝဲ´ ဆိုသော အသံနှင့် တပြိုင်နက်ထွက်၍ လာသည်။ ကိုတေဇာထက် တစ်ယောက် ၀မ်းသာသွားသည်။ သို့သော် သားလေးလား သမီးလေးလား မသိသေးသည့်အတွက် အပြည့်အ၀ ၀မ်းမသာနိုင်သေးပေ။ ထို့နောက် အနှီးဖြူဖြူလေးနှင့် ပိုက်ထွေးကာ နီတာရဲကလေးလေး အမျိုးသမီးကြီးတစ်ယောက်က ယူဆောင်လာ ပြသည်။ တချိန်ထဲမှာပင်.. နောက်ထပ် အူဝဲ အူဝဲ.. ဟူသော ကလေးငိုမြည်သံ ထပ်မံကြားရသည်။ ဒီတစ်ချီ အလုံးကြီးကျကာ ၀မ်းသာသွားရသူက အိမ်ရှင် အမျိုးသားဖြစ်သည်။

နန်းလုံက ခရီးကလဲပန်း၊ တအားဗိုက်နာပြီး ရေမွှာပေါက်သွားသဖြင့် ဆေးရုံသို့ဆက်မသွားနိုင်တော့ပဲ ကားလမ်းမဘေးရှိ အိမ်တစ်အိမ်သို့ ၀င်ကာ အကူအညီတောင်းရသည်။ ကံကောင်းသည်ဟု ပြောရမည်။ အိမ်ရှင် အမျိုးသမီးက နေ့စေ့လစေ့ဖြစ်နေသဖြင့် အရပ်လက်သည်အား သွားခေါ်နေ သည်ဟု ဆိုသည်။ အိမ်ခန်းကျဉ်းလေးထဲတွင် လူ့လောကသို့ ထွက်လာချင် သည့် ကလေးငယ်များက တာစူလို့နေ၏။ မိခင်နှစ်ဦး၏ အားမာန်တင်းသံက လည်း အပြိုင်အဆိုင်ဖြစ်လို့နေ၏။ အရပ်လက်သည်လာတော့ မြင်ကွင်းကို အံ့အားသင့်သွားသည်။ လက်သည်လည်း ကိုယ်ဝန်ဆောင်သည် နှစ်ဦးအကြားထိုင်ကာ ဟိုဘက်မွေးပေးရနိုး၊ ဒီဘက်မွေးပေးရနိုး ဖြစ်လို့ နေသည်။ မြန်မာတို့၏ ချစ်စရာ့ဓလေ့ဟု ပြောရမည်ဖြစ်သည်။ အိမ်ရှင်မှ ဧည့်သည်ကို ဧည့်ဝတ်ကျေသည်။ နန်းလုံ ကို ဦးစွာ ဖွားမြင်စေသည်။ အိမ်ရှင်အမျိုးသမီးက ရပါသည်ဟု ကြိတ်မှိတ်ခံရှာသည်။ ဒီကြားထဲနန်းလုံက ကလေးမွေးပြီး အားလျှော့လိုက်သည်ထင်၏ သတိလစ် သွားသည်။ အိမ်ရှင်ကိုယ်ဝန်ဆောင်သည်ကတော့ မွေးဖွားနေစဉ် နှလုံး လေပင့် ၍ ဆုံးသွားရှာသည်။

ကလေးမီးဖွားပြီးခဏကြာမှ ဆရာဝန်တွေပင့်ပြီး ယာဉ်မောင်းအဘ ပြန်ရောက်လာသည်။ နန်းလုံအား ဆေးထိုးပေးပြီး သတိရလာ သည့်အထိ ပြုစု ကုသကြရသည်။ တေဇာထက်မှာ အိမ်ရှင်များ နည်းတူ ၀မ်းနည်း၊ ၀မ်းသာဖြစ်နေရသည်။ အားလည်းနာရသည်။ ဇနီးသည်ဆုံးသွား သဖြင့် စိတ်သောက ရောက်နေရှာသူအား ကိုယ့်လောဘဇောတစ်ခုတည်း စည်းရုံးမိပြန်သည်။ အခုလေးပင် မိန်းမ ဆုံးသွားသော သူကို နှစ်သိမ့် အားပေးရမည့်အစား မလုပ်သင့်၊ မလုပ်အပ်သော အပြုအမူကို လုပ်မိရက်သား ဖြစ်သွားသည်။ ကိုယ့်သွေးသားကိုလည်း မျက်လုံးထဲ မမြင်တော့ချေ။ ဦးနှောက်တစ်ခုလုံး ဆူဝေလို့နေခဲ့သည်။

မိမိအမှားကို ခွင့်လွှတ်ဖို့ အတန်တန် ၀န်ချတောင်းပန်လျှက်၊ ဦးတေဇာထက် ကိုယ်တိုင်လည်း စိတ်နှလုံး ဒုံးဒုံးချကာ သူ၏အမှားအတွက် သမီးလေးအား ပြန်ပေး ဆပ်ချင်သည်။

***

ဒေါ်နန်းလုံ ကိုယ့်နားကိုပင် ကိုယ်မယုံနိုင်အောင်ဖြစ်ခဲ့ရသည်။ ခင်ပွန်း သည် ပြောပြနေသော အကြောင်းအရာများသည် ရင်အစုံကို တုန်ရီလှိုက် မောစေသည်။ မျက်စိများပြာဝေလာရပြန်သည်။ ကြားတစ်ချက် မကြားတစ် ချက်ဖြင့် ပြီးဆုံးအောင် နားမထောင်နိုင် တော့ချေ။

`ကို ဘာတွေပြောနေတာလဲ.. အခုပြောနေတာတွေက ဘာတွေလဲ´ ဟု စောလျှင်စွာ မေးမိသည်။ `သမီး.သမီးလေး၊ ဒါဆိုရင် ဟိုနေ့က တွေ့ခဲ့တာ….၊ သားလေးဖိုးကောင်းကကော.´ ငယ်စဉ်တည်းက ကိုယ့်သွေးထင်၍ ပိုးမွေးသလို ထိန်းကျောင်းလာခဲ့ရသော သားလေးကို တော့ နန်းလုံ လက်လွှတ်နိုင်မည်ဟု မထင်၊ သားလေး၏ မျက်နှာကိုတစ်လှည့်၊ မိခင်နို့ချို တစ်စက်တောင် မသောက်သွား ရရှာသော ကိုယ့်ရင်သွေး အရင်းချာ သမီးကလေး ကိုတစ်လှည့် မြင်ယောင်နေမိသည်။

***

ဦးတေဇာထက်နှင့် ဒေါ်နန်းလုံ တို့ ကိုယ့်အတွေးဖြင့်ကိုယ် ပီတိဖြာနေ သည်။ ဇနီးသည်ကလည်း သမီးကလေးကို တွေ့ချင်လှသည် ဆိုသဖြင့် သမီးရှိရာ ရပ်ကွက်သို့ ကားဖြင့် မောင်းထွက်လာခဲ့ကြသည်။ ဟိုရောက်လျှင် သမီးကလေးကို တောင်းပန်မည်။ ထို့နောက် မိမိတို့နှင့် အတူနေရန် ခေါ်ဆောင်မည်။ သို့ပေမယ့် သားကိုလည်း ပြန်မပေးချင်။ ထို့ကြောင့် တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြင့် သားနှင့်သမီးကို သဘောတူ ကြည်ဖြူစွာ ထိမ်းမြားပေးမည်။ သားကလည်း ငြင်းလိမ့်မည်ဟု မထင်။ ဦးတေဇာထက်သည် အတွေးတို့ဖြင့် ကြည်နူးနေသည်။ ဇနီးသည်လည်း ထိုသို့ပင် ဖြစ်လေသည်။

ဦးတေဇာထက်၏ အတွေးသည် တက်တက်စင်အောင် လွဲတော့သည်။ သမီးက စိတ်နာနေသည် ထင်၏။ သို့မဟုတ် ရုတ်တရတ် ပြောင်းလဲသွား သော သူ၏ဘ၀ကို လက်မခံနိုင် ဖြစ်နေရှာသည်။ ဇနီးသည် နန်းလုံ ကတော့ သမီးကလေးကို ဖက်၍ ငိုရှာသည်။ သမီးကတော့ မျက်ရည်အ၀ိုင်းသားနှင့် တုပ်တုပ်မျှ မလှုပ်။ ဦးတေဇာထက်နှင့် ဦးသာအေးတို့နှစ်ဦး ကတော့ အပြစ်ရှိသူများပီပီ အနားတွင် ငူငူငိုင်ငိုင်ဖြင့် ရပ်နေကြသည်။

`သမီးရဲ့ လပ်စွပ်ကလေးမှာ မာမာ့ နာမည်ကို ရှမ်းဘာသာလေးနဲ့ ရေးထားပါတယ် သမီးရယ်။ မယုံရင် ပြန်ကြည့်ပါ။ မာမာလဲ ခုမှ ဒီအကြောင်းစုံကို သိရတာပါ သမီးရယ်၊ ပါပါနဲ့မာမာကို ခွင့်လွှတ်ပြီး ပြန်လိုက် ခဲ့ပါနော်.. နော် ´ မျက်ရည်ခံထိုးကာ ပြောနေသော ဇနီးသည်အား မျက်နှာလွှဲလိုက်မိသည်။ မိမိတွင် ဘာပြောပိုင်ခွင့်မှ မရှိသော အနေအထား မျိုး ဖြစ်နေသည် မဟုတ်ပါလော။

 သမီးလေးဆီမှာ နန်းလုံ၏ လက်စွပ် ရှိနေသဖြင့် ဦးတေဇာထက်နှင့် ဒေါ်နန်းလုံ၏ သမီးကလေး ဖြစ်သည်ကို သက်သေပြနိုင်ခဲ့သည်။ ထိုစဉ်က ငွေက လုပ်ငန်းလည်ပတ်ရန် အတွက်သာ ပါလာသဖြင့် ထုခွဲရောင်းချရန် ဤလက်စွပ်ကလေး အပါအ၀င် လက်ဝတ်လက်စား အချို့နှင့် ငွေသားအနည်းငယ်ရယ် ပေးထားခဲ့သည်။ နောက်မှ နန်းလုံ မသိအောင် ဦးတေဇာထက်၏ အသိ ပန်းထိန်ဆရာထံ ဆင်တူယိုးမှား လက်စွပ်တစ်ကွင်း ထပ်လုပ်ပေးခဲ့သည်။ ထိုလက်စွပ်တွင်တော့ ရှမ်းစာဖြင့် နာမည်မပါပေ။  ဦးသာအေးကတော့ စိတ်စိတ်နေခြင်းဖြင့် ၀န်ခံ နေရှာသည်။

***********************************************************************

အခန်း (၁၁)

 ငယ်လေး ဘ၀မှာ ဘာတွေ ဖြစ်ကုန်ပြီလဲ၊ ဘာတွေလဲ၊ မဟုတ်ဘူး၊ ဟင့်အင်း မဟုတ်ဘူး၊ ငယ်လေးအမေက ဆုံးသွားပြီ၊ ငယ်လေးကိုမွေးရင်းနဲ့ မီးတွင်းထဲမှာပဲ ဆုံးသွားတာပါ။ ကြီးကြီးလည်း ဒီလိုပဲပြောတယ်၊ ငယ်လေး ငယ်ငယ်ကတည်းက ဒီလိုပဲသိထားတာ။ ငယ်လေးအဖေက ကုန်ထမ်း သမားကြီး၊ ညနေတိုင်း အရက်လေး ထွေနေတတ်တဲ့ သူလေ။ ငယ်လေး မှာ ညအိပ်ယာဝင် ပုံပြင်နဲ့ ချော့သိပ်တတ်တဲ့ ကြီးကြီးရယ်၊ အဖေရယ်၊ ငယ်လေးရယ် ပြည့်စုံနေပြီလေ။ အခုမှတော့ ဘယ်သူမှ မလိုတော့ပါဘူး.။ ငယ်လေး အဆင်ပြေပါတယ်။ နေတတ်ပါတယ်။

 ငယ်လေး ကလေးဘ၀ကို မှတ်မိသေးသည်။ ကျောင်းပိတ်ရက် သူများ မောင်နှမတွေ ပျော်ပျော်ပါးပါး ဆော့ကစားကြသည်။ ငယ်လေးလဲ အတူတူ ဆော့ချင်သည်။ သူငယ်ချင်းတွေက နောက်ပြောင်ကြသည်။ `အမေ မရှိတဲ့သမီး၊ မွေးစားသမီး၊ ညှပ်စိမ၊ ပိစိမ ကောက်ရတာ´ စသည့်ဖြင့်ပေါ့။ နောက်ဆုံး ရန်ပွဲဖြင့်  အဆုံးသတ်ကာ အိမ်ပြန်လာရမြဲ ဖြစ်သည်။ ငယ်လေးမှာလဲ အမေရှိချင်သည်။ အမေဆိုတာကို ခေါ်ဖူးချင်သည်။  သူများ မိသားစုတွေလို လျှောက်လည်ချင်သည်။ ငယ်လေးလည်း သူတို့လို မိသားစုမျိုး ရှိချင်သည်။ မဖြစ်မနေ ဆယ်ခေါက် တစ်ခေါက်သာ ကြီးကြီးက လိုက်ပို့ ပေးသည်။ ဒါတောင် ကြီးကြီးနှင့် နှစ်ယောက်တည်း။ နွေးထွေးသော မိသားစု မေတ္တာကို တောင့်တဖူး၏။

 အခုတော့ ငယ်လေးမှာ ထိုသို့တောင်းတဖူးသော၊ ငယ်လေး လိုချင်သော  မိသားစုမျိုး ရှိနေသည် တဲ့။ နားမလည်နိုင်တော့ပါ။ ငယ်လေး၏ မိဘအရင်းလို့ ထင်မှတ်ခဲ့သူတွေက မဟုတ်ပါပဲ၊ ငယ်လေး အားကျ မျှော်လင့်ရတဲ့ မိသားစုက မိဘအရင်း ဖြစ်နေလေတော့ ၀မ်းသာသလိုလိုနဲ့ ၀မ်းနည်းမိတယ်။ ငယ်လေးရဲ့ ငယ်ငယ်ကတည်းက ဖြစ်ချင်တဲ့ ဆန္ဒတွေက အရှေ့မှာရှာတွေ့ပြီး အနောက်မှာပျောက်သွားသလို ခံစားခဲ့ရတယ်။

***

 ငယ်လေးဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချလိုက်သည်။ တည်ငြိမ်စွာဖြင့်  `ငယ်လေးဘ၀မှာ ဒါတွေမလိုတော့ပါဘူး ဦးနဲ့အန်တီ၊ လူရယ်လို့ မွေးဖွားလာတဲ့ ဘ၀မှာ ကံကြမ္မာဆိုတဲ့ ဇာတ်ဆရာအလိုကျ ကြိုးဆွဲခံ ကြရမယ် မဟုတ်လား ။ ငယ်လေးဘ၀ရဲ့ ကံကြမ္မာဟာ အစကတည်းက သတ်မှတ်လာပြီးသားပါ။ ဖြစ်ပြီးမှတော့ အံတုရင်ဆိုင် လိုက်ရတာက အကောင်းဆုံးပါပဲ။ ငယ်လေးဘ၀ကို မုန်းရတာ ပင်ပန်းနေပြီ။ ကျေးဇူးပြု၍ ဒီထက်ပိုပြီး မမုန်းပါရစေနဲ့တော့။

ငယ်စဉ်အရွယ် သိတတ်စ  ကလေးဘ၀ကတည်းက သူများတွေလို အားကျမျှော်လင့်မိတဲ့ ငြိမ်းချမ်းတဲ့ မိသားစုဘ၀ ၊ငယ်လေး မရခဲ့တဲ့ နွေးထွေးတဲ့ ချစ်ခြင်း မေတ္တာတွေကို ငယ်လေးမဟုတ်တဲ့ အခြားသူက ရလိုက်ပေမယ့် ၊ အခုမှ ငယ်လေးက ငါ့မိဘ၊ ငါ့မိသားစု၊ ငါ့ဘ၀ လို့ ပြန်ယူလိုက်ရင် သူများရင်ထဲ ဘယ်လိုခံစားရမလဲ၊ အဲဒီ့ ခံစားချက်ကို ငယ်လေးကိုယ်တိုင် ခံစားဖူးတဲ့ အတွက် သူများကိုလည်း မခံစားစေချင်ဘူး။ အထူးသဖြင့် ငယ်လေး သူများရဲ့ ကံကြမ္မာကို ကိုယ့်အတ္တနဲ့ လွန်းတင်ပြီး ကြိုးမဆွဲချင်ဘူး။  သူများစိတ်ဆင်းရဲပြီးမှ ငယ်လေးဘ၀လည်း မပျော်ရွှင်ချင်ပါဘူး။ ငယ်လေး  စိုင်းကောင်းထက် ကိုလည်း မယူနိုင်ဘူး။ အခု မသိသေးတောင် နောင်တနေ့ကျ အဖြစ်မှန်ကို သိသွားခဲ့ရင် သူစိတ်ထိခိုက် ခံစားရမှာကို ငယ်လေး မကြည့်နိုင်ဘူး။ ငယ်လေးသူ့ကို သနားတယ်။ သူ ဒီအဖြစ်မှန်တွေ ဘယ်တော့မသိစေဖို့ ငယ်လေးသူနဲ့ဝေးရာမှာ သွားနေမယ်။  သူနဲ့ ငယ်လေး အို..ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဟင့်အင်း..ငယ်လေး သူ့ကို မယူနိုင်ဘူး´

***

သမီးလေးသည် ဖခင်၏ စိတ်နေသဘောထားအား သိမြင်နေသည့် အလား ချစ်သောမိသားစုများကို သူ့ဘ၀ဖြင့်လဲ၍ အကောင်းဆုံး ကာကွယ်ပေးသွားသည်ကို ဦးသာအေးနား လည်လိုက်သည်။ ထို့အပြင် သူ့လိုပင် ဦးတေဇာထက်နှင့် ဒေါ်နန်းလုံတို့ပါ နားလည်သဘော ပေါက်ကြမည်ဟု ထင်၏။

ဦးတေဇာထက်သည် ပြတ်သားလှသော သမီးလေး၏ စိတ်ဓါတ်ကို လေးစားမိ၏။ မိမိကိုယ်တိုင်လည်း ရှက်မိသည်။ ဇနီးဒေါ်နန်းလုံကို နှစ်သိမ့်ရင်း သမီး၏ ဆုံးဖြတ်ချက်ကို လိုက်နာရန်သာ ရှိတော့သည်။

***

 ဒီတစ်ခါတော့ ငယ်လေးကိုယ်တိုင် ကိုယ့်ကံကြမ္မာကို ကြိုးဆွဲ ကြည့်ချင်သည်။ ငယ်လေး တောင်းတမိသော မိသားစုဘ၀ကို ငယ်လေး ပိုင်ခဲ့သည်။ သို့သော် မဆိုင်ချင်တော့။ ငယ်လေး၏ မေတ္တာ၊ မိသားစု၊ ဖြတ်မပစ်နိုင်တဲ့ သံယောဇဉ် ဒါတွေကို လွန်းတင်လိုက်ရင် ငယ်လေး ကံကြမ္မာကို ငယ်လေး ကောင်းကောင်း ခြယ်လှယ်နိုင်လိမ့်မည် ထင်သည်။

ဇာတိချက်ကြွေ ဤနေရာလေးကို ငယ်လေး ချစ်သည်။  တောင်ပေါ်ဒေသ ဖြစ်သောကြောင့် လွန်စွာမှ အေးချမ်းသာယာလှသည်။  ငယ်လေးကို ကျောင်းဆရာမလေး ခင်မြတ်ငယ်အဖြစ် လူတိုင်းက လေးစား အသိအမှတ် ပြုသည်။ ငယ်လေးတို့ သားအဖကို ငြိမ်းချမ်းသော မိသားစုလေး အဖြစ် အားကျကြသည်။ ငယ်လေး လက်ရှိဘ၀ကို ကျေနပ်မိသည်။

ငယ်လေးကိုယ်တိုင် ဇာတ်ဆရာရဲ့ ကြိုးကို ဆွဲကိုင်ခဲ့သည် မဟုတ်ပါလားရှင်။

***********************************************************************

ဆက်လက်ကြိုးစားပါဦးမည်

ဒီကောင်မလေး*

 

1 Comment

အေးငြိမ်းသူ

ကျုပ် နာမည်က အေးငြိမ်းသူ…

နာမည်က အေးငြိမ်းတဲ့သူဖြစ်ပေမယ့် ကျုပ်ဘ၀က…

***

`အေးငြိမ်းသူ.. ဟဲ့.. အေးငြိမ်းသူ…အေးငြိမ်းသူရေ…´

`ရှင် လာပါပြီ အန်တီလေး.´

`အသံအရင်မလာနဲ့ လူအရင်လာ..မြန်မြန်လာ..ဒီကောင်မဟာလေ ´

 အိမ်ရှေ့မှ အော်ခေါ်သံကြောင့် ကျုပ်အပြေးထွက်လာလိုက်တယ်။ ကျုပ် ပေါင်ရင်းနားက ပူခနဲဖြစ်သွားတယ်..။ ပြောပြရဦးမယ် .. သိလား၊  ဒီအိမ်က လူတွေက လက်သံပြောင်တယ်။ အဖွားကြီးက ခေါင်းခေါက် သန်တယ်။ အန်တီကြီးက ဗိုက်ခေါက်လိမ်တယ်။ ဟော…အန်တီလေးက ကျတော့ ပေါင်တွင်းကြောကို လိမ်ဆွဲနေတယ်။ ကျုပ်တစ်ကိုယ်လုံး ရစရာ မရှိအောင် အညိုအမဲကွက်လေးတွေ ဟိုတစ်ကွက်၊ ဒီတစ်ကွက်နဲ့တန်ဆာ ဆင်ထားတယ်။ ဒါပေမယ့် ကျုပ်က အသားညိုတော့ တော်သေးတယ်.. ဟဲ…ဟဲ။ နောက်ပြီး ကလေးတစ်ယောက်ရှိသေးတယ် ဆော့လိုက်တာ ဇောက်ထိုးမိုးမျှော်၊ ပလူကို ပျံလို့။ ကျုပ်မောင်လေးသာဆို စိတ်ရှိသ လောက် ထုထောင်းလိုက်ချင်တယ်။ အခုတော့ ကျုပ်ကြီးပဲ ထုထောင်းခံ နေရတယ်။

       `တိုက် ၆၀ ၊ ၅ လွှာ ခေါင်းရင်းဘက်က မသူဇာ တဲ့.. ဖုန်းလာတယ် သွားခေါ်ချေ..သွားမြန်မြန်၊ တော်တော် အိလေးဆွဲတဲ့ ကောင်မ´

ကျုပ်လုပ်ရတဲ့ အလုပ်ထဲမှာ အဲ့ဒီဖုန်းခေါ်ပေးရတဲ့ အလုပ်လည်းပါတယ်။ မနက်ကို ၅ နာရီ ခွဲလောက် အိပ်ယာထရတယ်။ ကျုပ်တစ်ကိုယ်ရည်  သန့်ရှင်းရေးပြီးရင် ဂတ်စ်မီးဖိုနဲ့ ရေနွေးအိုးအပြည့်ကျိုရတယ်။ နောက်ပြီး ထမင်းအိုးတည်၊ ညက ကျန်တဲ့ ထမင်းကြမ်းကို ပဲပြုတ်လေးနဲ့ကြော်၊ ပြီးရင်တော့ ကော်ဖီဖျော်။ ကလေးအတွက်လည်း နို့ဗူးဖျော်ပေါ့။ အိမ်ကလူကြီးတွေ နိုးမလာခင် အားလုံးအဆင်သင့်ဖြစ်အောင် ပြင်ဆင် ထားရမှာက ကျုပ်တာဝန်တဲ့။ အဲ့ မပြီးသေးဘူး……………။ တံမြက်စည်းတစ်ချောင်းကိုင်ပြီး အိမ်ရှေ့ကို ဖုန်သုတ်၊ ကြမ်းတိုက် သန့်ရှင်းရေးလည်း လုပ်ရသေးတယ်..။

လူကြီးတွေ အိပ်ယာထချိန် မနက် ၇ နာရီထိုးခါနီးဆို   ကျုပ်ဗိုက် သံစုံတီးဝိုင်းက တကျုတ်ကျုတ်နဲ့ အချိန်မှန်ပဲ။ ဒါပေမယ့် ကျုပ်အလှည့် မရောက်သေးပါဘူး။  လူကြီးတွေ စားသောက်နေချိန်မှာ ကလေးထိန်း ပေးရဦးမှာ။ သူတို့ ပြီးမှပေါ့။ ပိုရင် ထမင်းကြော်စားရမယ်။ မပိုရင်တော့ ကော်ဖီတစ်ခွက်နဲ့ ကျုပ် တင်းတိမ်ရမှာ။  ဒါပေမယ့် ကျုပ်ပျော်ပါတယ်..။ အိမ်မှာထက်စာရင် ထမင်းဝအောင် စားရတယ်လေ။ ဟင်းကလည်း အလျှံပယ်ပဲ။ သူတို့တွေက ထမင်းစားရင် နည်းနည်းပဲ စားကြတာ. မကုန်တာအကုန်လုံး ကျုပ်အတွက်ပဲ။ ဒီအိမ် ရောက်စက ကျုပ် ငတ်ငတ်နဲ့တီးလိုက်တာ. ထမင်းဝိုင်းက မထနိုင်လို့ ဆေးတောင် သောက်ယူရတယ်.. ဟီးဟီး။

 အဆာပြေစားပြီးတော့ ၈ နာရီဆိုတာနဲ့ ဆိုင်ဖွင့်ဖို့ပြင်ရတယ်။ ကွန်ပျူတာဆိုလား..စာစီတာဆိုလား..ကော်ပီဆိုလား.. သူတို့ပြောပြော နေတာ။ အဲ့ဒါကြီးတွေက ဈေးသိပ်ကြီးတယ်တဲ့. ကျုပ် မထိရဘူး။ ဒါပေမယ့် တယ်လီဖုန်းဆိုတာကို အပြင်ထုတ်ပေး၊ သူတို့ ခိုင်းတဲ့ အတိုင်း ထိုင်ခုံတွေနေရာချ အဲ့ဒါတော့ လုပ်ပေးရတယ်။ ပြီးတာနဲ့ ဈေးဆွဲခြင်း ကိုင်ပြီး အန်တီကြီးနောက် က လိုက်သွားလိုက်ယုံပဲ။  ဟင်းကိုတော့ အန်တီကြီး ကိုယ်တိုင်ချက်တယ်။ ဟင်းချက်ချိန် ကျုပ်ကတော့ လက်တို လက်တောင်း၊ ငရုတ်သီးထောင်း၊ အိုးခွက် ပန်းကန် ဆေးပေးရင် ကျုပ်တာဝန်ကျေပြီ။

***

ကျုပ်ကို ရန်ကုန်မှာ အလုပ်လုပ်မလားလို့ ဒေါ်ဘုမက အမေ့ကို ပြောတုန်းကတော့  ကလေးထိန်းရမှာ တဲ့။ ကျုပ်အဖေက အငယ်ဆုံး မောင်ကို မွေးပြီး မကြာဘူး၊ ပိုးထိလို့ ဆေးရုံတောင် မရောက်လိုက်ဘူး. ဆုံးသွားတယ်။ အမေက ကလေး သုံးယောက်နဲ့ ကျန်ခဲ့တယ်။ အမေ သနားပါတယ်..။ အလုပ်ပေါင်းစုံ လုပ်ရရှာတယ်။ အဖေရှိတုန်းက ကျုပ် ကျောင်းနေတယ်။ နှစ်တန်း ရောက်နေပြီ။ ကျုပ်က နဂို ဉာဏ်ထိုင်းတယ်၊ နောက်ပြီး ကျောင်းက တက်တစ်ရက်၊ ပျက်တစ်ရက်မို့ စာမေးပွဲကျတယ်။ အဖေသေတဲ့နှစ်ပေါ့။ ဒါနဲ့ပဲ ကျောင်းထွက်ပြီး ကလေးထိန်းရတယ်။ ကျုပ်အောက်က  မောင်နှစ် ယောက်ကို ကျုပ်ပဲထိန်းကျောင်းလာရတာ..။

အမေနဲ့ ဒေါ်ဘုမ ပြောတာကို ကျုပ်ခိုးနားထောင်ခဲ့တာ။ ဒေါ်ဘုမဆိုတာ ကျုပ်တို့ရွာမှာ လူရည်လည်၊ ရန်ကုန်ကို ခနခန သွားနေတဲ့ သူပေါ့။ အလုပ်လုပ်ချင်ရင် သူ့ကိုပြောရတယ်။ သူဆီမှာ အလုပ်ရှင်တွေ အများကြီးရှိတယ်။ ကျုပ်သူငယ်ချင်း အချို့တောင် သူကို့ပြောလို့ ရန်ကုန်မှာ အလုပ်ရသွားကြပြီ။ ဟိုတစ်ခါ ပူစူးမ ရွာကို ပြန်လာတုန်းက အင်္ကျီလှလှလေးဝတ်လို့၊ အသားတွေဖြူလာလိုက်တာ၊  မြို့သူကြီးနဲ့တူပြီး  ၀လို့၊ လှလို့တော့။ ကျုပ်ဖြင့် အားကျလိုက်တာ။ အခု ကျုပ်လုပ်မယ်ဆိုရင် ရန်ကုန်မှာ တိုက်ကြီးနဲ့ နေရမှာတဲ့။ နောက် ဒေါ်ဘုမ က ပြောသေးတယ်။ ဓါတ်ရှင်လည်း ရှိတယ်တဲ့။ ကျုပ် ဓါတ်ရှင်ဆိုတာကို သိတာပေါ့။ ရွာလယ်က လယ်ပိုင်ရှင် ဦးထွန်းခင်အိမ်မှာ ရှိတယ်။ ကျုပ်တို့ရွာမှာ အလှူလုပ်တဲ့ ညဆို ပြတယ်လေ။ ကျုပ် ဟိုမှာဆို နေ့တိုင်းကြည့်ရတော့မှာပေါ့။  အမေကတော့ စဉ်းစားဦးမယ် ပြောလိုက် တာကြားတယ်။

ကျုပ်လည်း အမေရယ် ကျုပ်မောင်တွေရယ်ကို မခွဲနိုင်ပါဘူး။ ဒါပေမယ့် ကျုပ်ရန်ကုန်ဆိုတဲ့နေရာကို သွားကြည့်ချင်တယ်။ အမေ တစ်ယောက်တည်း ကျုပ်တို့မောင်နှမ သုံးယောက်အတွက် ရုန်းကန် နေရတာ။ ကျုပ်တောင် အငယ်တွေအတွက် တစ်ခါတစ်လေ ထမင်း အငတ်ခံရတာ။ အမေဆို တစ်ခါတစ်လေမှ ဟုတ်ပ့ါမလား။   ကျုပ်အမေ့ကို သနားတယ်။ ကျုပ်တစ်ညလုံးစဉ်းစားပြီး မနက်ကျတော့ အမေ့ကို ပြောလိုက်တယ်။ ကျုပ်လုပ်နိုင်ပါတယ်.. ဒါလောက်တော့ ကျုပ်လည်း လုပ်တတ်ပါတယ်၊ ကလေးထိန်းအလုပ်  ကျုပ်လုပ်မယ်လို့ ပြောလိုက်တယ်။

***

`ဟဲ့..အေးငြိမ်းသူ၊ နင့်ကို ပန်းကန်ဆေးခိုင်းတာ၊ ကြာလှချည်လား၊ ရေတွေဖွင့်ထားတာလဲ လျှံနေပြီ´ အသံနှင့်အတူ ဇွန်းယောင်းမ နှင့် လှမ်းခေါက်လိုက်သောကြောင့် အတွေးမျှင်လေးတောင် ဘယ်ရောက် သွားမှန်းမသိဘူး။  ခေါင်းမှာတော့ ကြယ်တွေ လတွေ မြင်သွားသည်။    ပန်းကန်တွေကို မြန်မြန် ဆေးကြောလိုက်သည်။ အချိန်က နေ့လည်စာ ထမင်းစားချိန် ရောက်လို့သွားပြီ။ လူကြီးများအတွက် ထမင်းခူးခပ် ပြင်ဆင်ပေးပြီး၊ ကလေး ထမင်းကျွေးရန် ပြင်ဆင်ပြီး အိမ်ရှေ့ထွက်လာ လိုက်သည်။

ကျုပ် စိတ်အပျက်ဆုံးက ဒီကလေးကို ထမင်းကျွေးရတာပဲ..။  ကလေးက အငြိမ်မနေ၊ ဆော့ကစားနေပြီး၊ သူသွားရာနောက် တကောက် ကောက် ထမင်းအတင်းလိုက်ကျွေး၊ ထွက်ပြေး နဲ့ ချာလည်နေသည်။  ကျုပ်မောပြီး ဗိုက်ဆာလေ ဒေါသထွက်လေပဲ။ ဒေါသထွက်လို့ မာန်မဲမိပြန်ရင် ကလေးက အသံပြဲ ထငိုပါလေရော။ နောက်ဆက်တွဲသံက `အေးငြိမ်းသူ ငါ့သားကို ဘာလုပ်လိုက်ပြန်ပြီလဲ.. မငိုစေနဲ့´၊ `ငါ့တူကို ညည်း တစ်ခုခုလုပ်လိုက်တယ် မဟုတ်လား´နှင့်အတူ ပေါင်တွင်းကြောက တင်းခနဲ။ ကျုပ် အံကြိတ်၊ ဒေါသကိုမြိုသိပ်ပြီး ချော့မော့ကျွေးပြန်တော့ ဟိုနား  ထွေးထုတ် ဒီနားထွေးထုတ်နဲ့လေ။ တစ်ခါတစ်လေများ ကျုပ် စိတ်မရှည်တော့ရင် ဒီလောက်တောင် မစားတဲ့ကလေး..နေဟာ ဆိုပြီး လူကြီးတွေအလစ် သူ့ထမင်းတွေ စားပစ်လိုက်တယ် …အေးရော။

`အေးငြိမ်းသူ၊ သွား ထမင်းသွားစားတော့´ ဆိုသည့် အသံသည် ကျုပ် အတွက် နားဝင်ချိုဆုံးဖြစ်သည်။ စားပြီးသားပန်းကန်များကို ဆေးမည့်နေရာတွင် ခဏထားပြီး ကျုပ်အတွက် ချန်ထားတဲ့ ထမင်းနဲ့ ဟင်းကျန်ကို အားရပါးရ စားတော့သည်။ ဒီအချိန်ဆို ကျုပ်အိမ်က အမေနဲ့ မောင်လေးတွေကို သတိရတယ်။ သူတို့တွေကော ထမင်းမှ ၀၀လင်လင် စားရရဲ့လား၊ အမေ့ဆီမှာ ကျုပ်လုပ်အားခ ပိုက်ဆံ တစ်သောင်းခွဲ နဲ့ လောက်ငှနိုင်ပါ့မလား၊ ရှိသေးလား၊ ကုန်နေပြီလား လို့ တွေးမိတိုင်း မျက်ရည်လည်မိတယ်။

ကျုပ်နဲ့အမေ့ကို ဒေါ်ဘုမက ဒီအိမ်ကို ခေါ်လာတယ်။ ကျုပ် အလုပ် လုပ်ရမည့် အိမ်တဲ့။ ပထမတော့ ကျုပ် ကြောက်တာပေါ့။ အမေ့လက်လေး ကို တင်းတင်းဆုပ်ကိုင်ထားတာ ချွေစေးတွေတောင် စို့လို့။ အန်တီကြီးရဲ့ နာမည်က ဒေါ်ချိုနွယ် တဲ့။ ရုပ်ကလည်း အတော့ကိုချောတယ်။ ကျုပ်မြင် ဖူးတဲ့ ဓါတ်ရှင်ထဲက မင်းသမီးအတိုင်းပဲ။ အမလေး အခုတော့ နာမည်နဲ့ ရုပ်နဲ့မှ မလိုက် သဘောက ဆိုးလိုက်တာ။  နောက်အဖွားကြီးတစ် ယောက် ရှိသေးတယ်။ မျက်နှာထားကြီးက တင်းလို့။ အဲ့ဒီအန်တီကြီးရယ် ဒေါ်ဘုမရယ် အမေရယ် စကားတွေပြောနေကြတယ်။ အဖွားကြီးက တစ်ခါတစ်ခါ ၀င်ပြောတယ်။ နောက်  အမေ့လက်ထဲကို ပိုက်ဆံပေးနေ တာကိုလည်း တွေ့တယ်။ ကျုပ်ကတော့ ကျုပ်နေရမယ် ဆိုတဲ့ အိမ်ကြီးထဲ ကို ငေးကြည့်နေမိတယ်။

 ခဏကြာတော့ အမေက မျက်ရည်လေး စမ်းစမ်းနဲ့ ကျုပ်ကို ပြောတယ်။ `သမီးလေး အမေ နောက် ၅ လ ကြာရင် တစ်ခေါက်လာမယ် နော်´ တဲ့။ ဒေါ်ဘုမကတော့ အမေကို အားပေးရှာတယ်။ `ညည်းသမီးလေး ကောင်းကောင်းစား၊ ကောင်းကောင်းနေရမှာပါအေ။ ညည်းအမြင်ပဲ မဟုတ်လား ´ တဲ့။ ကျုပ်ကိုလည်း ပြောသေးတယ်။ `ညည်း ဓါတ်ရှင်တွေ နေ့တိုင်း စိတ်ကြိုက် ကြည့်လို့ရပြီ´တဲ့လေ။ ကျုပ်လေ တကယ်တန်း ကျုပ်မသိတဲ့နေရာမှာ နေခဲ့ရမယ်ဆိုတော့ အားငယ် တာပေါ့.။ အမေကို အိမ်ပေါက်ဝကနေ နှုတ်ဆက်ရင်း မျက်ရည် ဖြိုင်ဖြိုင်ကြမိတယ်။

***

`အေးငြိမ်းသူ.ဟဲ့.အေးငြိမ်းသူ. နင် မပြီးသေးဘူးလား၊  ဒီမှာ ခန ကလေးကို လာခေါ်ဦး။ ´ အိမ်ရှေ့မှ အသံကုန် အော်ခေါ်နေသံကြောင့် စားလက်စကို လက်စသတ် ကမန်းကတမ်း လက်ရေဆေးပြီး လက်ကို ဂါဝန်ဖြင့်သုတ်ကာ ပြေးထွက်လာခဲ့သည်။ ဖုန်းပြောနေသူ၊ အလုပ်အပ်သူ များနှင့် အန်တီကြီး၊ အန်တီလေးတို့ အလုပ်တွေရှုပ်နေသဖြင့် ကလေးအား နောက်ဖေးသို့ ခေါ်ထုတ်လာခဲ့သည်။ ကလေးကို လက်တွန်းလှည်းထဲ ထည့်၊ ခါးနှင့်လှည်းကို ကြိုးဖြင့်ချိတ်ပြီး ဆေးကြောစရာများကို အပြတ်ဖြတ်လိုက်သည်။

 နေ့လည် တစ်ချက်တီးလောက်အရှိတွင် ကလေးကို ရေချိုးပေးပြီး သိပ်လိုက်တော့ အေးအေးနဲ့ အိပ်တော်မူသွားပြီ။ သူအိပ်သွားလို့သာ ကျုပ် အလုပ်ကောင်းကောင်း ဆက်လုပ်နိုင်တယ်။ ရေချိုးခန်းထဲက အ၀တ်လျှော်ဇလားက ကျုပ်ကို စောင့်မျှော်နေတယ်။ နေ့လည်ဘက်တွေ ဆို ကျုပ်ရဲ့ သီချင်းညည်းသံနဲ့ အ၀တ်ရိုက်သံက စည်းချက်ညီညီ အမြဲ ထွက်ပေါ် နေတတ်တယ်။ ကျုပ် ရေမိုးချိုး သနပ်ခါးလူးပြီးတော့ နေပင် အတော်လေး စောင်းနေပြီ။ ညနေစာအတွက် ထမင်းပေါင်းအိုး မီးနှိပ်၊ တလက်စတည်း ရေနွေးအိုး ကျို၊ နို့ဗူးဖျော် ထားလိုက်တယ်။ `အင့်..အဟင့် ´ ငိုသံနှင့် အတူ `အေးငြိမ်းသူ.. ကလေးနိုးပြီ။´ ဒီတစ်ခါ အဖွားကြီး၏ အသံ။  အသင့်ဖျော်ထားသော နို့ဗူးအား ကောက်ယူလျှက် အိပ်ခန်းထဲမှ ခေါ်ထုတ်လာပြီး ကလေးမငိုအောင် ထိန်းရပေဦးမည်။ ညနေစောင်း အန်တီကြီးယောက်ျားအလုပ်က ပြန်လာတော့မှ ကျုပ်  ကလေးထိန်းအလုပ်ပြီးတယ်။ အလုပ်အားလုံးပြီးတာ မဟုတ်ဘူးနော်။ ညနေစာ ဟင်းချက်ဖို့ ကူရပြန်တယ်။ အားလုံး ညနေစာစားသောက်အပြီး အိုးခွက်ပန်းကန်ဆေး၊ သိမ်းဆည်းပြီးချိန်ဆို ည၈နာရီထိုးနေပြီ။

`အေးငြိမ်းသူ…..ကလေးသိပ်လိုက်တော့´။

အိမ်အလယ်ခန်းမှာ ကလေးချီ၊ အရှေ့နှင့်နောက်ခေါက်ပြန်လျှောက်၊ `မိတ္ထီလာကန်မယ် ဖားကောက်ခဲ့ပါ့ကွယ်´ အစချီလို့ သီချင်းကို ငိုက်သံ နှောပြီး တေးသီလိုက်တာ  ကလေးတော့ မသိဘူး.။ ကျုပ်ကတော့ တ၀ါးဝါး သန်းကာ အိပ်ချင်နေပြီ။ သီချင်းကို လေးငါးဆယ်ခေါက် ကျော့လိုက်တော့ ကျုပ်ပခုံးပေါ်မှာ ငြိမ်သက်သွားပြီ ဖြစ်သည်။ ကလေးကို နေရာချပြီးတာနဲ့ တညနေခင်းလုံး ဆော့ကစားထားသည်များကို လိုက်လံ ရှင်းရပြန်သည်။

`အေးငြိမ်းသူ..နှိပ်ပေးပါဦး.အဖွားကို´။ နင်းနှိပ်ပေးရပြန်ပါသည်။  ည ၉ နာရီ ထိုးလျှင် ဆိုင်သိမ်းပြီဖြစ်သဖြင့် တယ်လီဖုန်းနှင့် ခုံတွေကို သူ့နေရာနှင့် သူပြန်ထား၊ အမှုန်အမြှေးများ လှည်းကျင်းရပြန်သည်။ ၉နာရီခွဲလောက်ဆို ဦးနှင့်အန်တီကြီးက အိပ်ယာဝင်ပြီ။ အဖွားနဲ့ အန်တီလေးလည်း သူတို့အခန်းထဲ ၀င်သွားပြီဖြစ်သည်။

ကျုပ်လည်း သင်ဖြူးဖျာခင်း၊ စောင်ပါးလေးခင်းကာ ကျုပ်သိတဲ့ ဓါတ်ရှင်၊ အဲ့ သူတို့ပြောတဲ့ တီဗွီရှေ့မှာ ငုတ်တုတ်ထိုင်နိုင်တော့တယ်။ ခုချိန်ကစလို့ ကျုပ်ကြိုက်တဲ့ ဓါတ်ရှင်ကို ကြည့်လို့ရပြီ။ သို့ပေမယ့် ကျုပ်   မီးပူတိုက်ရင်းနဲ့ ကြည့်ရမှာ။ မီးမကျွမ်းအောင်လည်း သတိထားရသေး။ တစ်ခါက ဓါတ်ရှင် အကြည့်ကောင်းတာ. ကလေး အင်္ကျီ မီးကျွမ်းသွားလို့ ကျုပ် ဗိုက်ခေါက်နာရသေးတယ်။ ကျုပ် ကြည့်ချင်တဲ့ ဓါတ်ရှင်ဆို တာလည်း ကြာကြာ မကြည့်နိုင်ပါဘူး။ မီးပူတိုက်ပြီးတော့ ည ၁၁ နာရီ ထိုးတော့မယ်။ အိပ်မှဖြစ်မယ်။ တော်ကြာ မနက် အိပ်ယာမနိုးလို့ ပေါင်တွင်းကြောလား၊ ဗိုက်ခေါက်လား၊ ဦးခေါင်းလား.. တစ်ခုခုတော့ တစ်ခုခုပဲ။ ခြင်ထောင်ခေါင်းရင်းမှ နာရီကို သံပတ်ပေးနေရင်း …. ကျုပ် အိပ်ပျော်သွားပါတော့တယ်။

***

အမေနဲ့မောင်တွေကို လွမ်းတဲ့စိတ်က  အေးငြိမ်းတဲ့ ကမ္ဘာထဲမှာ လွင့်ပျံ့ လို့နေဆဲ။

ကျုပ် ဘ၀က တကယ်တန်းတော့ အိမ်မက်ထဲမှာ အေးငြိမ်းခဲ့ရတဲ့ သူပေါ့……..။

ဆက်လက်ကြိုးစားပါဦးမည်။

ဒီကောင်မလေး*

Leave a Comment

မရဏနိယာမ

မှုန်ပြပြအခန်းငယ်ထဲ……..

ဖြူညစ်ညစ် မျက်နှာကြက်ကို မျှော်ငေးရင်း

ကြောပူတဲ့ ဒဏ်ကလည်း ခံရခက်လှပါတယ်။

 

ခုတင်တိုင် ခေါင်းရင်း ခြေရင်း အနားစွန်းတိုင်း

ရှုတ်ယှက်ခတ်နေတဲ့ပိုက်လိုင်းတွေမှတဆင့်

တစ်စက် တစ်စက် စီးဆင်းထားတဲ့ ဆေးရည်

တဆစ်ဆစ်တိုးဝင်နေတဲ့ လက်ဖျံဆီက အပ်

နာကျင်ခြင်းမှတပါး အရာအားလုံးက မှန်ဝါးဝါး။

 

နှောင်ဝေေ၀ …….

ကြေးစည်သံအဝှေ့ စီခနဲ ငိုညည်းသံကြား

အိပ်စက်ခြင်းကို ညင်သာစွာ နိုးထလိုက်တယ်။

 

အခုတော့လည်း ငါ့ကိုယ်ခန္ဓာက ပေါ့ပါးစွာ

နာကျင်ခြင်း ကင်း ရှုပ်ထွေးခြင်း ရှင်းလို့

အဖြူရောင် သေတ္တာငယ်ကလေးထဲမှနေ

နှုတ်ဆက်သမျှ တည်ငြိမ်စွာ ပြန်ပြုံးပြရင်း

ငြိမ်ချမ်းစွာ လှဲလောင်းနေလို့ပါလား။

 

အဆင် အယဉ်…..

ပန်းနုရောင် ဖဲကြိုးလေးများအလယ်

အနားသတ် လိပ်စာကဒ်က ရိုးရှင်းစွာ ။

 

“ဒီကောင်မလေး…….အသက်၂၆ နှစ်”

 

ငယ်အဆင်း ပြိုယွင်း ဇရာ မသွင်းရသေးငြား

အချိန်တိုင်း စက္ကန့်တိုင်း မရဏတံခါးဝတွင်း

သက်ဆင်းလို့ သွားနိုင်ပါတကား။

 

ဒီကောင်မလေး* Jan 26, 2012

2 Comments

သားရှင်

ကလင်…… ကလင်…….

ကလင်……..ကလင်………ကလင်

အိမ်ရှေ့မှ လူခေါ် ဘဲလ်တီးသံကြောင့် မေမေနှင့်အတူ ကျွန်မတစ်ယောက် ခြံရှေ့လှမ်းကြည့်မိသည်။ အငယ်မ ပြေးထွက်လာကာ ခြံတံခါး သွားဖွင့်တာကို မြင်လိုက်ရသည်။ ကောင်မလေး နှစ်ရောက် ခြံဝမှာ မတ်တပ်ရပ်လျှက် …. အငယ်မ က ပြန်ဝင်လာပြီး “မမကြီး သူငယ်ချင်းတွေ ပါ မေမေ” ပြောပြီး ကျွန်မ အား မျက်စ ပြစ်သွားလေသည်။

“ဟဲ့ သမီး အိမ်ထဲခေါ်လိုက်လေ….” ဆိုသော မေမေ့အား. “မေမေ ခဏ သမီးသွားခေါ်လိုက်မယ်” ပြောပြီး ခြံဝသို့ ဆင်းသက်လာခဲ့လိုက်သည်။ ခပ်ရွံ့ရွံ့အနေအထား၊ မ၀င်ရဲ ၀င်ရဲနှင့် တွန့်ဆုတ်နေကြသော မိန်းကလေး နှစ်ဦးအား အကဲခတ်လိုက်ရင်း လာရင်းကိစ္စကို ခြံထဲမှာပင် မေးမြန်းမှ သင့်မည်ဟု သုံးသပ်လိုက်သည်။ အိမ်အ၀င်ဝမှ လှမ်းကြည့်နေသော မေမေအား….”ရတယ် မေမေ သမီးတို့ ဒီမှာပဲ အေးဆေးပြောကြတော့မယ်”

“လာ.. ညီမတို့ အိမ်ထဲမသွားချင်လဲ ဟိုစားပွဲလေးမှာပဲ သွားပြောကြတာပေါ့”

အငယ်မ က ကျွန်မ သူငယ်ချင်းတွေ ဟု ပြောသွားသဖြင့် ကျွန်မ ထက် အသက် ၅ နှစ်လောက် ငယ်ပုံပေါ်သော ထိုကောင်မလေး နှစ်ယောက်အား ငါနဲ့ဘယ်လိုပတ်သတ်ပါလိမ့်ဟု အတွေးထဲ အလျှင်အမြန်အဖြေရှာ နေမိသည်။ နုနယ်ပြေပြစ်တဲ့ မျက်နှာလေးပေါ်မှာ စိုးရိမ်ကြောက်ရွံ့နေသော အမူအယာတွေကတော့ ပေါ်လွင်နေသည့်တိုင် အားတင်းဖုံးကွယ်ထားတာ ကိုလည်း အကဲခတ်မိသည်။ တစ်ယောက်မျက်နှာ တစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြရင်း ကျွန်မ က ပဲ လာရင်းကိစ္စကို အစဖေါ် ပေးလိုက်တော့သည်။

“ကဲ ညီမလေးတို့ လာရင်းကိစ္စ ကို ပြောပါဦး။”

အငယ်မ က အအေးခွက်များ လာချပေးသည်။ ရင်တွေ မည်မျှ ပူနေသည် မသိ ။ မျက်နှာဝိုင်းဝိုင်း နှံတံလေးက ထင်းနေကာ ဆံပင်ကုတ်ဝဲလေး နှင့် အသားအရည် ညိုစိမ့်စိမ့် ကောင်မလေးက အရင်ဆုံး အအေးကို ခွက်အကုန် မော့သောက်လိုက်လေသည်။ နောက်ပြီး အနားမှ အသားဖြူဖြူနှင့် သူငယ်ချင်းအဖော်လိုက်လာသူဟု ထင်ရသူတစ်ယောက်ကထိုကောင်မလေး အား လက်မောင်းကိုဖြစ်ညှစ်ဆုပ်ကိုင်ကာ အားပေးသည်ဟု ထင်မိသည်။ နှုတ်ကလဲ “ပြောလိုက်လေ” တဲ့ ။ အငယ်မရော ကျွန်မပါ စိတ်ဝင်တစား နားထောင်နေမိသည်။ သူ့စကားများသည် တဖြေးဖြေးနှင့် မယုံနိုင် လောက်အောင် အံ့သြဖွယ် ကောင်းလာပါသော်လည်း စကားတစ်ခွန်းမျှ ၀င်မပြောမိပေ။ ထို့နောက် နံမည် နေ့ရပ်လိပ်စာတော့ယူထားလိုက်သည်။

“ဧည့်သည်တွေ ပြန်သွားပြီ “

ဟန်မပျက် အိမ်ထဲဝင်လာရင်း ဘုရားခန်းထဲတွင် ပန်းအလှထိုးရင်း တစ်ဦးတည်းအလုပ်ရှုပ်နေသော မေမေ၏ နောက်ကြောပြင် လေးကို ငေးရင်း တွေးရင်း။ ဖေဖေကတော့ ထုံးစံအတိုင်း ဧည့်ခန်းထဲမှာ စာရင်း စာရွက် စာအုပ်များ အလယ် တွက်ချက်လျှက်။ ညီအမနှစ်ယောက် ခေါင်းချင်းဆိုင်ရလေပြီ..နှစ်ဦးစလုံး၏ မျက်လုံးများသည် မှေးမှိန်ဖြော့ တော့လျှက်။ ဒါပေမယ့် မဖြစ်မနေ အဆုံးသတ် အဖြေတစ်ခုရအောင်တော့ ထုတ်လိုက်သည်။

ညနေ မိသားစု ထမင်းဝိုင်းလေးက ပုံမှန်အတိုင်း အေးဆေးစွာ ပြီးစီးသွားသော်လည်း ရင်ထဲမှာတော့ ပူလောင်လှသည်။ ယနေ့မှ သားငယ် မှက်နှာကို အကဲခတ်နေကြည့်မိသည်။ ခါတိုင်းလောက်တော့ သိပ်ရွှင်ရွှင်ပြပြ မရှိတာကို သတိထားမိသည်။ မျက်နှာဝိုင်းကောင်မလေး၏ မျက်နှာ၊ စကားသံများ နားထဲ ပဲ့တင်သံကြောင့်ထပ်နေသောကြောင့်လည်းပါမည်။

“သားငယ်… ခဏ” အိပ်ခန်းထဲ ၀င်ဟန်ပြင်နေသော မောင်ငယ်အား လှမ်းဟန့်လိုက်ရင်း. အငယ်မ အိမ်ရှေ့မှာ မေမေ တို့နဲ့သွားစကားပြော နေလှည့်ဦး ” ဟု အရိပ်အခြေပြလိုက်၏။

“သားငယ်. သားငယ်ကို မမကြီး မေးစရာရှိတယ် … အမှန်အတိုင်းဖြေနော်…. သားငယ်မှာ ရည်းစားတွေ ဘာတွေ ရှိနေပြီလား..” မထင်မှတ်ထားသော မေးခွန်းမို့ထင်သည် ။ ကျွန်မ ၏ အမေးကို မျက်မှောင်ကြုတ်ကာ အတန်ကြာ စဉ်းစားနေရင်း ရယ်စပ်စပ် မျက်နှာဘေးနှင့် “မရှိပါဘူး” လို့ ခပ်ပြတ်ပြတ် ပြန်ဖြေပြီး မျက်နှာလွဲ သွားလေသည်။ “မမ မျက်နှာကို သေချာပြန်ကြည့်ပြီး ဖြေစမ်း သားငယ် ” ။ ပြန်ဖြေလာမည့် မောင်ငယ်လေးကို ဂရုဏာသက်မိရင်း “ဒါဖြင့် ချို ဆိုတာ က ” စကားထောက်ပေးလိုက်တော့ နှုတ်စိတ်ငြိမ်သက်လျှက် အံ့အား သင့်သွားသည်ကို အထင်းသားမြင်လိုက်ရသည်။

“သားငယ် ကို မမကြီး ပြောပြမယ်နော်….

အိမ်ကို ညနေက ချို ရောက်လာတယ်.. သားငယ် မင်း မှားလိုက်တာကွယ် .. မင်းယောက်ျားလေး မဟုတ်ဘူးလား.. အမှားတစ်ခု ဖြစ်သွားပြီဆိုတာကို သိသိနဲ့ ကိုယ်တိုင်မဆုံးဖြတ်တတ်ရင် မိဘ တွေရှိတယ်.. မဟုတ်တောင် မမ တို့ ရှိနေတာ မင့်ပြောပြသင့်တယ်.. အခုဟာက ကြည့်စမ်း မင်း မလုပ်သင့် မလုပ်ထိုက်တာတွေကို ကြံစည်နေလို့ပါလား ဟင်။ ဒီအတွေး တွေကို မင်းဘယ်လိုများ တွေးမိပါလိမ့် သားငယ်ရယ်.. လူ့အသက်ဆိုတာ ပေါ့ပေါ့တန်တန်လေး မင်းတွေးနေလား.. အခန့်မသင့်ရင် ကလေးရော မိခင်ပါ အသက်ဆုံးရှုံးနိုင်တယ် နားလည်လား.. ဒါကို ” အသံခပ်အုပ်အုပ်ဖြင့် ပြောနေသော ကျွန်မ၏ စကားများကို ငြိမ်သက်စွာ နားထောင်နေသော သားငယ်ကို ကြည့်နေရင်း .. ကျွန်မ စကားကို ရှေ့ဆက်ဖို့အားယူလိုက်သည်။

“မင်း ဘယ်လို အတွေးမျိုးနဲ့ အခုလို ပြောခဲ့တာလဲ မမကြီးဖြင့် ချို့ မျက်နှာကို မကြည့်ရဲအောင်ပဲ သားငယ် ရှက်ဖို့ကောင်းတယ်ကွဲ့ အဲ့ဒါကို မင်းသိလား ယောက်ျားဆိုတာ ကိုယ်လုပ်ရပ် ကိုယ့်အပြုအမူ ကိုယ့်စကားအပေါ်မှာ ကတိသစ္စာတည်ရမယ်.. တာဝန်ယူစိတ် အပြည့်ရှိရလိမ့်မယ်. ဒါမှ ယောက်ျားကောင်း မြင့်မြတ်တဲ့သူဖြစ်နိုင်မယ်။ အခု ဟာက …” ကျွန်မ စကားကို မဆက်သေးဘဲ မောင်ငယ်လေးကိုသာ စိုက်ကြည့် နေမိလိုက်တော့သည်။ တနည်းအားဖြင့် မောင်ငယ့်ထံမှ ဖြေရှင်းချက်မျိုး စောင့်နေတာလဲဖြစ်သည်။

“သား.. မှားသွားပါတယ် မမကြီး .. သား အတွေးတိမ်သွားတယ်..

သားတို့က ကျောင်းမပြီးသေးလို့ အခု ကျွန်တော်လည်း ၀င်ငွေမရှိသေးလို့ပါ ကျောင်းပြီးသွားရင်တော့ သား လက်ထပ်ယူပါ့မယ်လို့ ချို့ကို အသေအချာ ဂတိပေးထားပါတယ် ဒါကို ချိုက လက်မခံတာ.. ချိုက အိမ်အထိလာပြောသွားတယ်ပေါ့ မေမေတို့ကော သိသွားပြီလား ဟင် “

“မင်း ချို့ကို အဲ့သလို မပြောသင့်ဘူး သားငယ် မင်းမှာလည်း မေမေ၊ အမတွေရှိတယ်။ အမ က တစ်ယောက် တောင်မဟုတ်ဘူးနော် နှစ်ယောက် နှစ်ယောက်တောင် ရှိတာ.. အေး .. မှားတာကတော့ အစကတည်းက မင်းတို့အတူတူမှားတာ.. အသိဥာဏ်တွေ ရှိပြီး ဆန္ဒကို မစောင့်စည်းနိုင်တဲ့ မင်း က စမှားတာ.. ချို့ကိုလည်း အပြစ်မရှိဘူးလို့တော့ မပြောလိုပါဘူး။ နည်းနည်းလေး မင်း ဖြန့်စဉ်းစားကြည့်စမ်း၊ ဒါမျိုးကိစ္စက မင်းတို့ နှစ်ဦးတည်း တင် ပြီးသွားမတဲ့လား.. ချို့ မိဘ အသိုင်းအ၀ိုင်း အခုမသိဘူးပဲထား.. မင်းတို့ကိစ္စကို အနည်းဆုံးတော့ သူငယ်ချင်းတွေ တစ်ယောက်စ နှစ်ယောက်စ သိကြမယ်။ ပန်းသတင်း လေညှင်းဆောင် လူသတင်း လူချင်းဆောင် ဆိုတဲ့ စကားမျိုးဖြစ်ရမယ့် ကိစ္စလည်း မဟုတ်ဘူးလေ သားငယ်.. ပတ်ဝန်းကျင်က သိလာရင် ဘာပြောကြမလဲ.. ရှေ့တင်မပြောချင်တောင် သူတို့စိတ်ထဲမှာ မမတို့ မိသားစုကို လှောင်ရယ်နေမှာပေါ့ သားငယ်ရယ် ။ ဖေဖေ၊ မေမေ မမ တို့ကကော.. တစ်ဦးတည်းသောသားလေး ကိုယ့်မောင်လေး အတွက် အရာရာကို ဂုဏ်ယူပြောဆိုနေတဲ့အချိန်မှာ မင်းက အဲ့လိုလူမျိုးမဟုတ်ဘူးဆိုတဲ့ အပြုအမူကြောင့် ဘယ်လောက်ထိ သိမ်ငယ်ရမယ် အရှက်ရမယ် ဆိုတာကော .ကဲပါ ထားပါတော့လေ.. အခု ဖြစ်လာမှတော့ အကောင်း ဆုံးကို ဆုံးဖြတ်ကြတာပေါ့”

ကျွန်မ၏ မောင်ငယ်လေး မိဘများ၏ ဖြူစင်ရိုးသားသော သားငယ်လေး လောကကို ကလေးအတွေးဖြင့်နားမလည်သေးဟု ၀မ်းနည်းစွာ ငေးကြည်နေရင်း ခေတ္တမျှ နှုတ်ဆိတ်ငြိမ်သက်သွားမိသည်။ အတန်ကြာ တိတ်ဆိတ်မှုကို ထိုးဖောက်လိုက်သော အသံကြောင့်……

“သား ချို့ကို အခု လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ မမကြီး သား ချို့ကို တာဝန်ယူရမယ်”

“မမကြီး လိုချင်တာ အဲ့ဒါပဲ သားငယ် .. ကိုယ်လုပ်ခဲ့တဲ့ အပြုအမူလုပ်ရပ်အတွက် ရဲ့ဝံ့စွာ တာဝန်ယူစိတ်အပြည့်ရှိတဲ့ ယောက်ျား မျိုးဖြစ်စေချင်တာ .. ချိုက ငယ်ရွယ်တဲ့ မိန်းကလေးဖြစ်ပေမယ့် သတ္တိရှိတယ် သားငယ် မင်းထက် ပိုပြီးသတ္တိရှိတယ် သူ့လုပ်ရပ်အတွက် ၀န်ခံရဲတဲ့သတ္တိပေါ့။ ဒါ့အပြင် မိခင်စိတ်လည်း အပြည့်အ၀ရှိနေတယ်။ “

“မမကြီး….. မေမေ့ကို သား ဘယ်လိုပြောရမလဲ “

“အဲ့ဒါ မမကြီးတာဝန်ထား..

ကဲ မနက်ဖြန်ကျရင် တက္ကသိုလ်မှာ ချို့ကို တွေ့ရင် လာမည့် စနေ မနက် ၁၀ နာရီလောက်မှာ လူကြီးမိဘစုံလင်စွာနဲ့ လာတောင်းယူပါ့မယ် ချို့ဘက်ကလည်း မိဘတွေကို အမှန်အတိုင်း ဖွင့်ပြောထားပါလို့ ပြောပြီး တောင်းပန်လိုက်.. ဟုတ်ပြီလား သားငယ် သေချာတောင်းပန်လိုက်နော်..”

ခုကျတော့လည်း အဖြူစင်ဆုံးကလေးငယ်တစ်ယောက်လို ရယ်မောပျာ်ရွှင်စွာ   ခေါင်းညှိမ့်လိုက်သော မောင်ငယ်လေးကို ကျေနပ်စွာ ငေးကြည့်နေရင်း ကျွန်မ၏ အတွေးထဲတွင်လည်း….

” မမကြီးလဲ ကိုယ့် ဆုံးဖြတ်ချက်တစ်ခုအတွက် တာဝန်ယူရဦးမှာပေါ့ သားငယ်ရယ်၊ ကိုယ့်သားသမီးကို တန်ဖိုးထားတတ်တဲ့ အမေတိုင်း၊ သူများသားသမီးများကိုလည်း တန်ဖိုးထားတတ်ကြပါတယ်.  ဒါ့အပြင် ဘယ်လောက်ပဲရည်မှန်းချက်ကြီးထားတဲ့ သားသည်မိခင် ဆိုသော်လည်း မေမေဟာ မမတို့ သားသမီးတွေအပေါ် တန်ဖိုးထားတတ်တဲ့မိခင်တစ်ဦးပဲမို့ မမဆုံးဖြတ်ချက်ကို မကန့်ကွက်လောက်ဘူးလို့ထင်ပါတယ် ..” စနေ နေ့ မနက်မှာ မင်္ဂလာကန်တော့ပွဲပြင်နေမယ့် မေမေရဲ့မျက်နှာကို မြင်ယောင်ရင်း.” သားငယ် အခန်းထဲမှ စိတ်လက်ပေါ့ပါးစွာ ထွက်လာခဲ့ တော့သည်။

Leave a Comment

ပုဂ္ဂလိကဆေးခန်း / ဆေးရုံ

ဒီလအတွင်း ဆေးရုံ၊ ဆေးခန်းတွေ အရောက်စိပ်နေတဲ့ ကျွန်မ အဖို့ ရေးစရာ ပြောစရာဖြစ်အောင် မြင်တွေ့မိတာလေးကို ပြောပြချင်ပါတယ်။

ယနေ့ခေတ်မှာ နည်းပညာက အစစ အရာရာ တိုးတက်လာမှုတွေနဲ့ အတူ ဆက်နွယ်ပြီး ရောဂါလကဏာတွေကလဲ အမျိုးမျိုး ထူပြောလာတာကို တွေ့ရတယ် ။ ခုခေတ်မှာများ ရောဂါတခုခုဖြစ်မိရင် ပိုက်ဆံမရှိလို့ကတော့ ကုသဖို့မစဉ်းစားနဲ့ သေမယ့်နေ့သာ ကြိုတွေးနေလေတော့ ဆိုတဲ့ စကား အတိုင်း ကိုယ့်အသက်ကိုယ်ကြံမွေးနေကြရပါတယ်။ နိုင်ငံပိုင်ဆေးရုံတွေ အပြင်  ပုဂ္ဂလိကဆေးရုံ ဆေးခန်းတွေလဲ ပေါများလာလိုက်တာ၊ တစ်နေ့ တစ်နေ့ ရောဂါဖြစ်ပွားတဲ့သူတွေကလည်း နေရာနဲ့အ၀ှမ်း ကိုယ်တတ် နိုင်သလို ဆေးကုသနေကြပါတယ်။ အခြေခံ လူတန်းစားတွေ အတွက်တော့ ဆေးရုံဆေးခန်း ဘယ်လောက်ပေါပေါ ကိုယ်နဲ့မဆိုင်သလိုပါပဲ။ ကုသစရိတ် ပိုက်ဆံအခက်အခဲကြောင့် အနားတောင်မကပ်နိုင်ပဲ နောက်ဆုံး လမ်းဘေး က ဆေးဆိုင်လိုမျိုး၊ ဆေးမီးတိုလိုမျိုးနဲ့တင် ကိစ္စပြီးရတာတွေက များနေ လို့ပါ။ အဲ့ ဒါပေမယ့် ပိုက်ဆံတတ်နိုင်လို့ နာမည်ကြီးဆေးရုံ၊ ဆေးခန်းလို နေရာမျိုးတွေမှာ တက်ရောက်ကုသခံနေကြတဲ့ လူနာများလည်း ဒုနဲ့ဒေး ရှိလို့နေပြန်ပါတယ်. ဒါတွေကို အဓိက ထားမပြောလိုပါဘူး.. ဆင်းရဲချမ်းသာ ကိုယ့်ကုသိုလ်နဲ့ကိုယ်ဖြစ်လာကြရပြီး လူတစ်ဦးရဲ့ ကံဆိုတာကလည်း မမြင်နိုင်တဲ့ အတွက်မို့ပါ ။

အချိန်နှင့်တပြေးညီ လူ့အသက်ကို ကယ်တင်နေရသော အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုသောသူများသည် အချိန်ကို အများသူငှာထက် ပိုမိုတိကျကာ လေးစားလိုက်နာစေချင်ပါသည်။

မည်သည့်ဆေးခန်း၊ ဆေးရုံတွင်မဆို နီးစပ်ရာ လာပြတဲ့ လူနာများရှိသလို၊ အနယ်နယ်အရပ်ရပ်က လာပြရတဲ့ လူနာများလည်းရှိနေတတ်ပါတယ်.  ကြိုတင်စာရင်းပေးလို့လဲ လက်မခံ၊ ဆရာဝန်က နေ့လည် ၁၂ နာရီမှာ ဆေးခန်းစထိုင်မယ် လို့ သက်ဆိုင်ရာ ၀န်ထမ်းများက ပြောပေမယ့် ဆရာဝန် မလာသေးရင် စောင့်ရမှာ လူနာတွေအတွက် ထုံးစံကြီးတစ်ခုလိုပါပဲ။  ဆေးခန်းအကူးအပြောင်းမို့ ပုံမှန် နာရီဝက်လောက် နောက်ကျတာက မပြောသာပေမယ့် ၁၂ နာရီ ချိန်းပြီး အမြဲ ၁ နာရီလောက် နောက်ကျပြီးမှ လာတတ်သလို၊ တခါတရံ ၂ နာရီ တိတိ မှ လည်း ရောက်လာတတ်တဲ့ ဆရာဝန်မျိုးတွေ အတွက်ကျ နာမည်ကြီးလွန်းလို့ပဲ  အလုပ်များလေရော့ သလားလို့ ယူဆရပြန်ပါတယ်.  သို့ပေမယ့် နယ်မှလာပြရသည့် လူနာများ ခမျာ ပြန်ပဲပြန်ရတော့မလို ဆက်ပဲစောင့်ရတော့မလို ရောဂါခံစားနေရင်းနဲ့ တမျှော်မျှော်ဖြစ်နေရတာကို မြင်စေချင်လှရှင်။

လူနာတစ်ယောက်အတွက် ဆွေးနွေးချိန် ကုသချိန်ဟာ ၅မိနစ်၊ ၁၀မိနစ် ထက် ပိုမကြာတတ်တာဟာ ဆရာဝန်များရဲ့ ကျွမ်းကျင်မှု အရည်အချင်း ပြည့်ဝမှုကြောင့်လို့ ထင်မိပါတယ်။ နာမည်ကြီးလှတဲ့ ဆရာဝန်မို့ ရက်ချိန်း ယူပြီး လာပြကြတဲ့သူတွေ အရမ်းများလို့ နေ့စဉ် လူနားများရဲ့ ညည်းတွားသံများသာကြားနေရတာမို့ စိတ်တိုစိတ်ရှုပ်ရတယ် ဆိုရင်တောင်

ကိုယ်ချင်းမစာလို့ပြောရတာ မဟုတ်ပါဘူး.. ကိုယ်က ဆရာဝန် ပဲ ဆိုတဲ့ စိတ်မျိုးလေးတော့ ပြန်ပြီး ဆင်ခြင်မိစေချင်ပါတယ်။ လူနာဆိုတာ ကိုယ့်ရောဂါဘာမှန်းမသိလို့ ဖြစ်ပေါ်ခံစားနေရတဲ့ ဝေဒနာကို ပြောပြနေခြင်း ဟာ ဆရာဝန်ကိုအားကိုးတကြီးရှိလှပြီး ဒီဆရာကုသရင် ပျောက်နိုင်တယ် ဆိုတဲ့ ယုံကြည်မှုရှိလို့ပါ။ ဆရာဝန်ရဲ့ ညင်သာစွာ ပြောဆိုဆက်ဆံပေးပြီး အပြုံးနဲ့အားပေးမှုဟာလည်း လူနာများအတွက် များစွာ အထောက်အကူ ပြုလှပါတယ်ရှင်။

နောက်အရေးကြီးတာ တစ်ခုက လူနာ ဆိုတာ ဈေးဆစ်တတ်ပါတယ်ရှင်။ ဆင်းရဲချမ်းသာမရွေးပါ..။ မခွဲစိတ်လို့မရဘူးလား ဆရာ၊ ဆေးရုံမတတ် လို့ရနိုင်ပါသလား၊ သောက်ဆေးနဲ့ကော ကုသရင် ပျောက်နိုင်ပါ သလားလို့ မေးတတ်ကြပါတယ်.. ငွေအားဖြင့်သော်လည်းကောင်း၊ အချိန်အားဖြင့် သော်လည်းကောင်း မိသားစု အခက်အခဲအမျိုးမျိုးကြောင့်  လူနာဟာ ရောဂါကုသဖို့အတွက်ညည်းတွားတက်ကြပါတယ်.အဲ့လိုအနေအထားမျိုးမှာ  ” ရှင်ဆရာဝန်လား.. ကျွန်မက ဆရာဝန်လား လိုအပ်လို့ ခွဲခိုင်းတာပေါ့ ” လို့ ဆိုတဲ့ စကားမျိုးကိုတော့ ကျွန်မကပဲ ဆရာဝန်တွေဘက်က သူ့လူနာအတွက် စိုးရိမ်ပြီးပြောရတာပါလား လို့ ဖြည့်တွေးပေး လိုက်ပါတယ်.

ဆရာဝန်က ခွဲဆိုမှတော့ ခွဲပေါ့…. သူက လိုအပ်လို့ ဆေးရုံတက်ခိုင်းတာပဲ တက်ပေါ့ ..

ဆေးရုံတက်မယ်ဆိုတော့ အခန်းငှားရမယ်။ တစ်ရက်စာ အနိမ့်ဆုံးက မြန်မာနိုင်ငံမှာ 3 star အဆင့်လောက်ရှိတဲ့ ဟိုတယ်နှုန်းမျိုး- မနက် ၁၀ နာရီအချိန်လောက်ကတည်းက အထုပ်အပိုးနဲ့ ဆေးရုံတက်ဖို့ ရောက်နေတာ.. ခွဲစိတ်ရင်လဲ ကုန်ဦးမှာဆိုတော့ အနိမ့်ဆုံးအခန်း လိုချင်ပါတယ် ပြောမိပါတယ်။ နေ့လည် ၃ နာရီအထိ အခန်းမရသေးပါဘူး အခန်းတွေ ပြည့်နေပါတယ်တဲ့.. အော် မစည်ကားသင့်တဲ့နေရာမှာ စည်ကားလို့နေပါလား လို့ ဆင်ခြင်မိပြန်ပါတယ်။ နောက်ဆုံးတော့လည်း ရတာပဲ မြန်မြန်ယူလိုက်ရတယ် ။ အပန်းဖြေခရီး ချောင်းသာသွား တည်းရင်တောင် တစ်ရက်စာလောက် ပေးရမယ့် အခန်းမျိုးကို ရင်ဖိပြီးသာ နေလိုက်ရပါတော့တယ်။ ကိုယ်ကလဲ ဒီဆရာဝန်ကို ပြမှ ပျောက်မယ်လို့ ယုံကြည်မိတာကိုးး)

တာဝန်ကျအထပ်မှ နပ်စ် များကလည်း တာဝန်ချိန်အတွင်းတော့ ၀န်ဆောင်မှုပေးကြတယ်။ လူနာများ အလုပ်များလို့လားတော့မသိဘူး.. မျက်နှာမှာ အပြုံးဆိုတာကို တွေ့ရခဲ့လှပါတယ်။  တခုခု လိုချင်လို့သိချင်လို့ သွားမေးမိရင် ကိုယ်က ရွံ့ရွံ့ကျိုးကျိုးလေးပေါ့. အော် သူတို့ကမှ နားလည်တဲ့သူတွေကိုး။

ဆေးရုံဆင်းတော့ ဆေးပေးကောင်တာက ဆေး(၃)ရက်စာပဲပေးပြီး ပြန်လာပြပါလို့မှာတယ် ။ ဒါနဲ့ ကျွန်မတို့လူနာကဗိုက်ခွဲထားတယ် နောက် နယ်ကလာတာမို့ ဆရာဝန်က (၁၀) ရက်လောက်နေမှ ပြန်လာပြဖို့ မှာထားပါတယ်ဆိုတော့ ဆေးစာအုပ်ထဲမှာ ဆရာဝန်ကြီးက (၃) ရက်လို့ ရေးထားပါတယ်တဲ့။ သေချာအောင် ဆရာဝန်ကြီးကို မေးပေးပါလားဆိုတော့ ဆရာလည်းမရှိတော့ဘူး ပြန်သွားပြီ၊ သူတို့လည်း မမေးရဲပါဘူးတဲ့ ။ သူတို့အချင်းချင်းတောင် အဆက်အသွယ် အချိတ်အဆက်မမိတော့ ဘာမှ မပြောလိုတော့ပါဘူး။ ဒါပေမယ့် သူတို့က သာ ဆရာဝန်လက်ရေး ဖတ်တတ်တာ မဟုတ်လား။ ဘယ်တတ်နိုင်မလဲ .. ပြန်ပြဆိုတော့လဲ လာပြန်ပြရတာပေါ့။ တကယ်တန်း (၃)ရက်နေပြီး လာပြန်ပြတော့ ကျွန်မတို့ကို ဆရာဝန်ကြီးပြောခဲ့တဲ့ရက်က အမှန်ပါး)

ကောင်တာမှာ ငွေရှင်းဖို့ စာရင်းတွက်နေတုန်း အနားမှာ ထောင်ထားတဲ့ ဘုတ်လေးတစ်ခုကို ဖတ်မိတယ်.. Shopping Mall ၊ Super Market ၊ စားသောက်ဆိုင်၊ အပန်းဖြေနေရာမျိုး တွေသာ မာန်ဘာဝင် ဆိုတဲ့ ကတ်မျိုးကို တွေ့ဖူးထားတဲ့ ကျွန်မ ခေတ်နောက်ကျ နေတာထင်ပါရဲ့။ Silver Card, Gold Card, Dimond Card ဆိုတဲ့ အချိုသာဆုံး ဈေးနှုန်းများနဲ့ လူနာများအတွက် ဆေးရုံမာန်ဘာကတ် ၀န်ဆောင်မှု ကြော်ငြာလေးတစ်ခု………..

ကျွန်မ နောက်ဆုံး ပြောချင်တာက ၀န်ဆောင်မှု အပိုင်းပါ။ အခကြေးငွေပေး ပြီးဆေးရုံတက်တာတောင်မှ ၀တ်ကျေ တန်းကျေ ၀န်ဆောင်မှု ပြုနေကြတဲ့ လူမှုရေးစိတ်ဓါတ်ကို အခြေတည်ပြီး ပြောပြချင်တာပါ။ ဆရာဝန်၊ သူနာပြု ဆိုတဲ့အလုပ်ဟာ အလွန်မွန်မြတ်သော အသက်မွေးဝမ်းမှု ဖြစ်ပါတယ်။ နေ့စဉ်ပြုလုပ်နေကြ အမှု ကိစ များထဲကမှ စိတ်ထားတတ်လျှင် ယူတတ်လျှင် ပိုက်ဆံသုံးစရာမလိုပဲ ကုသိုလ်ရနေနိုင်သည်ဟုလည်း ထင်မိပါသည်။  သို့သော် ဆေးရုံ ဆေးပေးခန်း၏ Facility ဘယ်လောက် ကောင်းကောင်း တာဝန်ရှိသူ ပူးပေါင်းဆောင်ရွက်သူ တစ်ဦးချင်းဆီရဲ့ စေတနာ၊ ဂရုတစိုက်နဲ့ အလေးထား ဆောင်ရွက်မှုများမပါတာကို ၀မ်းနည်းစွာတွေ့မြင်ခဲ့ရတယ်။ နာမည်ကြီး ဆေးရုံ ဆေးခန်းတွေ အပြိုင်ပေါ်လာပေမယ့် လူနာကို ဂရုဏာထားပြီး ပြုစုကုသပေးတဲ့နေရာမှာ ဆင်းရဲသား ရပ်ကွက်တွေမှာ၊ ဘုန်းကြီး ကျောင်းတွေလိုနေရာမျိုးမှာ ဖွင့်လှစ်ထားတဲ့ ကုသိုလ်ဖြစ်ဇီဝိတဒါန ဆေးပေးခန်းတွေလောက် စေတနာမမှီသေးတာကို အမြင်အတိုင်း ရေးသား မိပါတယ်ရှင်။

ဒီကောင်မလေး*

Leave a Comment

Follow

Get every new post delivered to your Inbox.