နှစ်မြှုပ်ထားသောခဲတစ်လုံး

နှလုံးသားကန်ရေပြင်ထဲမှာ ခဲတစ်လုံးနှစ်မြှုပ်ဖူးပါတယ်။ ခဲ ကျနေစဉ် ခဏလေးအတွင်း လှိုင်းဂယက်တို့ မြူးခဲ့ပေမယ့် အဲ့ဒီခဲလေး  ဟိုးအောက်ဆုံးတနေရာသို့ ရောက်ရှိသွားချိန်မှာတော့ နဂိုအတိုင်းတည်ငြိမ် အေးချမ်းတဲ့ ကန်ရေပြင်လေးကို ပြန်လည်ပိုင်ဆိုင်ရရှိသွားပြီ ဖြစ်ပါ တော့တယ်။

* * * * * * * * * * * * * * * * * * *

“A+ တက်မယ့်သူတွေ ဆရာ့နောက်လိုက်ခဲ့ကြပါ ”
အင်ဖော်မေးရှင်း ကောင်တာရှေ့ ထိုင်ခုံတွင် Computer စက်ပြင်သင်တန်း တက်ရန်စောင့်နေသော ကျွန်မအားလှုပ်ရှားသွားစေ၏။ အသံရှင်အားလှမ်း  အကြည့် နောက်ကျောသာမြင်ရပြီး ရှေ့မှ ဦးဆောင်ကာ တက်ရမည့်အခန်း သို့ ။ ကောင်လေးအချို့လည်း ထိုသူနောက်မှ လိုက်ပါသွားသည်။ ကျွန်မ လည်း ကောင်တာမှပေးထားသော စာအုပ်ဖိုင်လေးကို ကောက်ကိုင်လျှက် ထိုသူတို့နောက် အပြေးလေးလိုက်ပါသွားသည်။

အခန်းတွင် စက် ၆ လုံးသား ဆင်ထား၏. ကျွန်မ က နောက်ဆုံးခုံ ထောင့် တွင်နေရာယူလိုက်ပြီး အခြားအတန်းဖော်များအား မျက်စိကစားကြည့်လိုက် သည်။ မိန်းကလေးဆိုလို့ ကျွန်မတစ်ယောက်ထဲ သာဖြစ်နေလေသည် ။ ကွန်ပျူတာပြင်ဆင်သည့်သင်တန်းသည် အများအားဖြင့် ယောက်ျားလေးများ သာ အတတ်များသော အတန်းသာဖြစ်လေသည်. ကျွန်မကတော့ ကွန်ပျူ တာတစ်လုံးဝယ်သောကြောင့် စက်ပြင်A+ သင်တန်း အခမဲ့တက်ခွင့် ကူပွန် ရရှိသောကြောင့် လာရောက်တက်ဖြစ်သွားခြင်းဖြစ်လေသည်။ ထို့နောက် ကျွန်မ ထိုင်ခုံစားပွဲရှေ့ပေါ်သို့ စာရွက်လေးတစ်ရွက် လှမ်းပေး၏။ အတွေး နှင့် စပ်စုနေသော ကျွန်မ လှမ်းပေးသော စာရွက်ကို ယူလိုက်ကာ.. ပေးသူ အားမော့ကြည့်မိသည်. ခုနက အတန်းတက်ရန် လာခေါ်သောသူ ကျွန်မတို့ ကို သင်မယ့်ဆရာဖြစ်မည်ဟု တွေးလိုက်၏

“ဟိတ် ကလေး အတန်းချိန်မှာ ပီကယ် မစားပါနဲ့ ”
ပါးစပ်တလှုပ်လှုပ်နှင့် ပီကယ်ဝါးတတ်သော အကျင့်ရှိသည့်ကျွန်မ ထိုအသံ ကြောင့်  ကြောင်အမ်းအမ်းဖြစ်သွားသည်. အခြားသူများကို လှမ်းကြည့်လိုက် တော့ ပြောသူအပါအ၀င် ကျွန်မကို အာရုံစိုက်နေကြလေသည်။ အဲ့ဒီတော့မှ အော် ငါ့ကိုပြောနေတာပါလား လို့ သိကာ ပီကယ်အား ထွေးထုတ်လိုက်ပြီး နှုတ်ခမ်းတင်းတင်းစေ့ထားလိုက်သည်။  ထိုနေ့ကျွန်မ၏ အတန်းစတက် သော နေ့တွင် အဆူခံလိုက်ရသည်။ ပထမ နေ့မို့ ဘာမှပြန်မပြောတော့ပဲ မကျေနပ်ကြောင်းကိုတော့ စာသင်ချိန် တစ်ချိန်လုံး မျက်နှာကို ဆူပုတ်ထား လိုက်တော့၏။

သင်တန်းကာလ တစ်ပတ်လောက်ကြာတော့ ကျွန်မ အတန်းဖော်များနှင့် နေသားတကျဖြစ်လာသည်။ တစ်တန်းလုံးတွင် မိန်းကလေးတစ်ယောက်ထဲ မို့လည်း အတော်အရေးပေးကြသည်။ သို့သော် တစ်ယောက်သောသူတော့ မပါဝင်ပေ။ ပုံမှန်ချိန်တွင် မျက်နှာချိုသလောက် စာသင်လျှင်မျက်နှာထား တည်တည်နှင့် စာသင်တတ်သေးသည်။ A+သင်တန်းဖြစ်သောကြောင့် စာတွေ့နည်းကာ စက်ကို အဖုံးဖွင့်၊ ဖြုတ်၊ ပြန်တတ်နှင့် ၀က်အူလှည့်ကိုင် မူလီကြပ်ဖြင့် ကျွန်မတို့သင်ကြားရသည်။ ထိုသို့လုပ်ရတိုင်း ပြောသည့်အ တိုင်းမလုပ်ပဲ အမြဲတလွဲကို တမင်တကာ လျှောက်လုပ်ပစ်သည်။ တစ်ခါ၊ နှစ်ခါ၊ ခနခန ကြာလာတော့ မျက်မှောင်ကုတ်ကာ ဒီကလေး ကတော့ကွာဟု သူညည်းညူတတ်၏။ ဘာကြောင့်မှန်းမသိ ထိုသူကို ကျွန်မ အရွဲ့တိုက်ချင် နေသည်။

* * * * * * * * * * * * * * * * * * *

တည်ကြည်သောမျက်နှာထားဖြင့် အမြဲပြုံးရွှင်နေတတ်သော သူသည် ခန့် မှန်းရခက်လောက်အောင် လျှို့ဝှက်လွန်းပြန်၏။ အချိန်ပြည့်စာသင်ခန်းတွင် ကုန်ဆုံးတတ်ပြီး၊ ကျောင်းတွင်မည်သည့်မိန်းကလေးနှင့်မျှ အရောဝင် စကား ပြောခြင်းမျိုးကို သင်တန်းကာလတစ်လျှောက်လုံး မမြင်ဖူးခဲ့ပေ။ ထို့အတူ သင်တန်းသူ၊ သင်တန်းသားများကိုလည်း လိုအပ်သည်ထက်ပိုမပြောပဲ သင် မြဲအတိုင်း ပြုမူဆောင်ရွက်တတ်သူ ဖြစ်သည်။

သင်တန်းအလယ်လောက်ရောက်တော့ ကျွန်မတို့အဖွဲ့ ပိုရင်းနှီးလာသည်. နားချိန်ဆို ကော်ဖီ တူတူဆင်းသောက်ကြသည်။ သူနှင့်လည်း အနည်းငယ် ရယ်ရယ်မောမော စကားပြောနှင့် စာသင်ရတာ တော်လေးပျော်လာရသည်။ စာသင်ချိန်တွင် ပါးစပ်တလှုပ်လှုပ်ဖြင့် ကျွန်မ၏ အကျင့်လေးပြန်ပေါ်လာ၏။ ပထမတော့ သူပြောသေးသည်။ နောက်တော့  ပြောမရရ ထုံးစံအတိုင်း ဒီ  ကလေးကတော့ကွာ ဟု သူညည်းနေတတ်သည်။ စာသင်လျှင် စာကိုစိတ် မ၀င်စား၊ ကျွန်မစိတ်ဝင် စားသည်က သူ့မျက်နှာ၊ လစ်လျှင် ထိုမျက်နှာလေး ငေးကြည်၊့ ပြန်ကြည့်လျှင် မသိသလိုနေနှင့် ပီကယ်ဟန်မပျက်ဝါးနေတတ်၏။ ပရယ်ရီကယ် လုပ်ချိန်တွင်လည်း အမြဲ ပေါက်ကရလုပ်ကာ၊ ဟိုမေး ဒီမေးနှင့် သူ့ ကို အနားတွင်ခေါ်ထားတတ်သေး၏။ တစ်ခန်းလုံးတွင် တစ်ယောက်ဆို တစ်ယောက် ဆိုသလောက်အောင်ပင် ကျွန်မ သောင်းကျန်းခဲ့ပါ၏။ ထိုသို့ လုပ် နေရသည်ကို ဘာ့ကြောင့်မှန်းမသိ ပျော်နေမိသည်။ ကျွန်မ သတိထား မိသောအချိန်တွင် သူသည်ကျွန်မ၏ရင်ထဲ အနက်ရှိုင်းဆုံးသို့ ရောက်ရှိနေ ပြီ ဖြစ်လေသည်။

သင်တန်းကာလပြီးဆုံးခါနီးလေ အတန်းတွင်းလူပျောက်လေ၊ ကျွန်မအဖို့ ပျော်လေဖြစ်လေသည်။ တစ်ခါတစ်ရံ သူနှင့်နှစ်ယောက်တည်း စာသင်ရ သည်က ကျွန်မအဖို့ အမှတ်တရ ဖြစ်ရသော အချိန်များဖြစ်ခဲ့သည်။ သူ့အ ကြောင်းကို စပ်စုသည်၊ စာသင်လျှင် ဂျီတိုက်သည်။ စာလုပ် စေချင်လျှင် မုန့်ကျွေးခိုင်းသည်။  မျက်မှောင်ကျုံ့ကာ ဒီကလေးကတော့ကွာ ဆိုသည့် လက်သုံး စကားအောက် အပြုံးမျက်နှာကို ပိုနှစ်သက်မိ၏။ ကော်ဖီတူတူ သောက်ခဲ့ရသော်လည်း သူ့နာမည်က လွဲရအခြားတော့ ကျွန်မ ပိုမသိခဲ့ရ။ ကျွန်မအဖို့လည်း သူကလွဲရ ကျန်တာစိတ်မ၀င်စားခဲ့ဖူးပေ။ သင်တန်းပြီးမှာ ကိုပင်စိုးရိမ်နေမိသည်။ အတန်းပြီးလျှင် သူ့ကို တွေ့ရတော့မည်မဟုတ်ပေ။

“ကလေး ဘာတွေတက်နေတုန်း အခု”
“ဟာ.. ဆရာ၊ ကလေး အတန်းလာစုံစမ်းတာ ဘာတတ်ရင်ကောင်းမလဲလို့ ” အမှန်တကယ်တော့ သူ့ကိုတွေ့ချင်လွန်းလှသဖြင့် အကြောင်းရှာက ကွန်ပျူ တာသင်တန်းသို့ လာခဲ့တာလေ။ သူက သိမှမသိပဲကို. မသိလက်စနဲ့ ညာပြီး ရွီးခဲ့တာက ကျွန်မပေါ့။ “စက်ပျက်ပြန်ပီ လုပ်ပါဦး၊  ”  ဆိုပြီး မပျက်လဲ ပျက်ချင်ယောင်ဆောင်ပြီး တစ်လ တစ်ခေါက် အရောက်လာရတာလဲ မမောနိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ သူ့ကိုကျွန်မ တစ်ဖက်သတ်ချစ်လာလိုက်တာဟာ နှစ်ပေါက်လာခဲ့ပါတယ်။ သူကတော့ အပြုံးမပျက် တပည့်မလို ဆက်ဆံမြဲပဲ။ ကျွန်မကလည်း လေးစားဆဲ နှစ်သက်မြဲ နှစ်သက်ဆဲ ။

* * * * * * * * * * * * * * * * * * *

လက်ဆောင် ထည့်လာသော ပန်းရောင်ပါကင်ဘူးလေးကိုကြည့်ပြီး ကျွန်မ ပျော်ရွှင်နေမိသည်။ သူ့ဆီမရောက်တာ ၂နှစ်ကျော်တောင်ရှိနေပီ။ စင်္ကာပူ သို့ ကျောင်းသွားတတ်ခါနီး ကျွန်မ နှုတ်မဆက်ဖြစ်ခဲ့။ သူ ရှိမှ ရှိပါ့ဦးမလား ဆိုသော စိုးရိမ်စိတ်ဖြင့် ကျွန်မ ကျောင်းပေါ်တလှမ်းချင်း ရင်ခုန်စွာ တက်လာ မိသည်။ အခန်းရှေ့အရောက် တစ်ဘက်လှည့်ကာ စာသင်နေသော နောက် ကျောကို အတွေ့ မှင်သက်သွားမိသည်။ ကျွန်မ ပထမဆုံးစတွေ့တုန်းက ဒီနောက်ကျော ဟုတ်ပါသည် မှတ်မိသည်။ သူမှ သူအစစ်၊ သူရှိသေးသည်မို့ ထခုန်မတတ် ၀မ်းသာမိသွား၏။ စာသင်နေချိန်မို့ အနှောက်အယှက်မပေး တော့ပဲ အတန်းရှေ့ ထိုင်ခုံလေးတွင် ထိုင်ကာ မှင်သက်ကာ ငေးကြည့်နေမိ သည်။ စာသင်ခန်းအတွင်းမှ အံ့သြသောမျက်နှာနှင့် နှစ်လိုဖွယ်ကောင်းသော အပြုံး ကို သူပြုံးပြ၏ ထိုအပြုံးကို ကျွန်မမည်မျှ လွမ်းနေသည် ကို သူသိမှ မသိပဲလေ။ လက်ပြနှုတ်ဆက်ကာ စာသင်အပြီးကို စောင့်နေလိုက်သည်။

“ကလေး မတွေ့တာကြာပြီနော် ဘယ်ပျောက်နေလဲ” တဲ့  အရင်အတိုင်းပါပဲ၊ သူကျွန်မကို ခေါ်တာ၊ စကားပြောတာ၊ ပြုံးပြတာ ဘာမှမပြောင်းလဲ . အဲ့ ပြောင်းလဲတာဆိုလို့ သူနည်းနည်းဝလာတာကိုသတိပြုမိတယ်။  “ကလေး ဆရာ့ကို သတိရလို့ မြန်မာပြည်ခနပြန်လာတာ” လို့ ပြောမိတော့ သူ တွေဝေ သွားသည်။ သူ ကျွန်မ နိုင်ငံခြားမှာ ကျောင်းသွားတတ်တာ သူမှမသိ ပဲလေ။ “ကော်ဖီသောက်တိုင်း ကလေး ဆရာ့ကို သတိရနေတာ တကယ်” လို့ပြောတော့၊ “အင်း ဒီကလေးကတော့ကွာ” တဲ့ ဒီအသံလေး ကျွန်မ လပေါင်းများစွာ တန်းတနေတာ၊“ဆရာ ကလေးကိုကော သတိမရဘူးလား”. လို့ အရဲစွန့်မေးတော့.. “ကလေး အရင်အတိုင်းပဲ ဘာမှမပြောင်းလဲသေးဘူး နော်” တဲ့. စကားလမ်းလွှဲကာ ဆေးလိပ်ကိုမီးညှိလျှက် တဖက်သို့လှည့်ကာ ရှိုက်ဖွာနေသတဲ့။

ကျွန်မနားများ အကြားမှားသလား…
“ရှင်”
“အိမ်က သမီးကို တွေ့တိုင်း ကလေးကို သိပ်သတိရတာ၊ ကလေးကို စိတ်ပူသလိုမျိုး သမီးလေးကိုလည်း စိတ်ပူနေရတယ်၊” တဲ့ ” တူတာ ရှိသေးတယ် သမီးလေးကသိပ်ဆိုးတာ ပြောစကားနားမထောင် တဲ့ နေရာ မှာ ကလေးနဲ့တော်တော်ကို့တူတယ်၊ ဒါပေမယ့် တအားချစ်တယ်  ! “ ဆက်တိုက်ဆိုသလို ဆရာ့စကားသံများကြား ကျွန်မမှင်သက်ကာ ကြားတစ် ချက်၊ မကြားတစ်ချက်နဲ့ နားထောင်နေမိတယ် ”အော် ဆရာရယ် မိဘတစ်ယောက်ဖြစ်လာပြီဆိုတော့ သားသမီးကိုစိတ်ပူနေတာ မဆန်းပါဘူး” လို့ ဟန်မပျက်သာ ပြန်ပြောနေရသည်. ကျွန် မ ရင်ထဲတွင် ပူလောင်နေတာ ကို သူ သိမည်မထင်။ “သမီးလေးက အသက် ဘယ်လောက်ရောက်နေပီလဲ “ ဆိုတော့ “ဒီနှစ်ကျောင်းစတတ်မည် “ တဲ့ ။ တည်ငြိမ်ရင့်ကျက်ပြီး အနေမှန်တာ ဒါကြောင့်ကိုလို့တွေးမိကာ “ အော် ဒါဆို ဆရာအိမ်ထောင် ကျတာ ကလေး အတန်းလာမတတ်ခင် တည်းကပေါ့နော် “ ၊ ကျွန်မ နှစ်သက်လှပါသော အပြုံးတပွင့် လက်ဆောင်ထပ်ရခဲ့၏။

“ဆရာ.. ရော့ ဒီမှာ လက်ဆောင် ” ဆိုတော့ “အာ.. ဘာတွေလဲ “တဲ့  “ဆရာ့အတွက် ကျွန်မနှလုံးသားထဲကလာတဲ့ စကားတွေကို ဒီချောကလတ် ဘူးလေးထဲမှာ ထည့်ထားပါတယ် “ လို့လှိုက်လှဲစွာ စိတ်ထဲကပြော နေပေမယ့် တည်ငြိမ်အေးချမ်းနေတဲ့ ကန်ရေပြင်ကို ဂယက်ထအောင် ကျွန်မရဲ့ဆန္ဒခဲနဲ မပစ်ရက်တော့ပါဘူး၊ “ဆရာ့သမီးလေးအတွက် မုန့်ပါ ဆရာ ”လို့ အချိုသာဆုံး မုသားသုံးခဲ့မိလိုက်ပါတော့တယ်။

ကျွန်မရင်ထဲက ဆန္ဒ အမှန်ကတော့ဖြင့်. . . Y_Y

ကြိုးစားပါဦးမည်။

ဒီကောင်မလေး (March 24th, 2015)

Leave a comment

ကမ္ဘာ့ ကဗျာနေ့.. တဲ့

ကျွန်မအတွက်တော့
ကဗျာ ဆိုတာ ဘာမှန်း
သေချာ မခံစားတတ်ခင်ကတည်းက
ကိုယ့်ခံစားချက်တွေလေးတွေက
ကဗျာဖြစ်နေခဲ့တာ…။

ဒီကောင်မလေး* (March 21, 2015)

Leave a comment

မည်သူ့ကိုမျှ အပြစ်မတင်ရက်ခဲ့ပါ

ရန်ကုန်မြို့ပြ၏ အိမ်ပြန်ချိန် ညနေခင်းသည် ကားမီးရောင်စုံများကြား အော်ဟစ်သံ၊ ဟွန်းတီးသံတွေဆူညံနေရင်းနှင့်အတူ တရွေ့ရွေ့စီတန်း၍ သွားနေကြရသည်။  တရွေ့ရွေ့သွားနေရင်း ကျွန်မစီးလာသော ကားသည် မီးပွိုင့်မိသွားသည်။ ဟိုငေး ဒီငေး ပတ်ဝန်းကျင်ကို လျှောက်ကြည့်ရင်း လမ်းမပေါ်ရှိ စားသောက်ဆိုင် တစ်ခုစီသို့ မျက်လုံးရောက်သွားမိ၏။

မှုန်ပြပြ အလင်းရောင်အောက် စားပွဲဝိုင်းကြီး၊ ၀ိုင်းငယ်အသွယ်သွယ်တို့ကြား  မလုံ့တလုံ အ၀တ်အစားလေးတွေဝတ်လို့ ရီဝေနေသော မျက်လုံးများအလယ် မတ်တပ်ကလေးတွေ ရပ်နေသော မိန်းကလေးများ ကို ကျွန်မ တွေ့လိုက်ရသည်။ ပထမတော့ အော် ကောင်မလေးတွေ စိတ်ပျက်ဖို့ကောင်းလိုက်တာ.. အခြားအလုပ်တွေ အများကြီးရှိပါလျှက် ကြည့်စမ်းပါဦး ဟု စိတ်ပျက်မိ၏။  ငွေရသောလမ်းသို့ အလွယ်လိုက်တာပဲဟု မှတ်ချက်ချမိ၏။ နောက် သူ့မိဘတွေ ဒါမျိုးအလုပ်တွေ လုပ်နေတာ.သိမှ သိရဲ့လား…ဟု စဉ်းစားမိပါသည်။ သို့သော် .. အော်  သူတို့လည်း ဘယ်လုပ်ချင်ပါ့မလဲ. မတတ်သာလို့ပဲနေမှာပါဟု စိတ်မကောင်းဖြစ်မိသွားသည်။ ပုရိသများအလယ် ၀မ်းရေးအတွက် ရုန်းကန်လုပ်ရှားရင်း ဘ၀ပျက်သွားမည်ကိုလည်း စိုးရိမ်မိပြန်သည်။

ကျွန်မ ငယ်စဉ်အခါက လက်ဘက်ရည်ဆိုင်ဆိုလျှင် စားပွဲထိုးမှာ ယောက်ျားကလေးများဖြစ်ပြီး အမျိုးသား၊ ယောက်ျားများသာထိုင်လေ့ရှိသော နေရာဟု သတ်မှတ်ထားပြီး ရှေ့မှ ဖြတ်လျှောက်ဖို့ပင် လွန်စွာမှ ၀န်လေးလှသည်။ ယခုအခါတွင်တော့ နယ်မှလာသော အမျိုးသမီး မိန်းကလေးများအား စားပွဲထိုးခန့်ထားသော လက်ဘက်ရည်ဆိုင်များ ပေါများလာသည်။ ထမင်းဆိုင်များတွင်လည်း အကူအမျိုးသမီးလေးများ အားခန့်ထားမှုများတွေ့နေရသည်။ ကောင်းသောဘက်မှ ကြည့်လျှင် ၄င်းတို့အတွက် စားဝတ်နေရေးအပြင် ဘ၀အတွက် တစိတ်တဒေသတော့ အဆင်ပြေနိုင်သောကြောင့် သင့်တော်သည်ဟုလည်း ထင်မိသည်။

ယခုတွေ့နေရသော မိန်းကလေးတွေက ငါ့ညီမလေးတွေသာဆိုလျှင် စိတ်ထားမိတော့ ကားပေါ်မှ ဆင်းပြေး၍ပင် ပြောပြချင်မိပါသည်။ သူတို့ ရှေ့တွင် လမ်းပြမည့်သူမရှိ၍လားတော့မသိ၊  ဘ၀အတွက် ရုန်းကန်လှုပ်ရှားရတာခြင်း အတူတူ ဖြစ်သော်လည်း ငွေတစ်ခုတည်းနောက် မလိုက် စေချင်မိသည်မှာတော့ ကျွန်မ၏ စေတနာအမှန်ပင်ဖြစ်ပါသည်။

သို့သော် တစ်ဦးတစ်ယောက်ချင်းစီ၏ ဘ၀ကံအကြောင်းပေပဲမို့ ကျွန်မ မည်သူ့ကိုမျှ အပြစ်မတင်ရက်တော့ပါ..။

ဒီကောင်မလေး* ( Saturday, March 14, 2015)

Leave a comment

ကျွန်မ စာပြန်ရေးဖို့ ကြိုးစားရဦးမည်.

ခုတလော ရင်ထဲမှာ ၀မ်းနည်းသလိုလို၊ ၀မ်းသာသလိုလို၊ စိတ်ထဲမှာ တစ်ခုခု လိုနေသလို၊ တစ်ခုခု ကိုကျေနပ်နေသလိုလို သလိုလိုပေါင်းများစွာနဲ့ ကျွန်မ အဖြေရှာမရ ဖြစ်နေပါ၏….

ခုတော့သိလိုက်ပါပြီ. သူငယ်ချင်းများမောင်နှမများ၊ အသိမိတ်ဆွေများ၏ ဘလော့လေးများကို ၀င်ဖတ်ပြီး ကတည်းက ထိုခံစားချက် ဖြစ်ပေါ်လာမှန်း ကျွန်မ သိသွားပါပီ…. နောက်ပြီး ၀မ်းနည်းသည်က သူများလို ပုံမှန်စာမရေးနိုင်၍၊ ၀မ်းသာသည်က အင်တာနက်ပြန်သုံးရသောကြောင့် အွန်လိုင်း စာပေများ၊ ဗဟုသုတများအား ကျွန်မစိတ်ကြိုက် ပြန်ဖတ်ရ၍ ဖြစ်၏….

ကွန်ပျူတာပျက်နေသည်ကို အကြောင်းပြ၍ စာပုံမှန်မရေးသော ကျွန်မ … ခုလည်း ရေးစရာမရှိသည်ကို မဖြစ်ဖြစ်အောင် တစ်ခုခုတော့ ရေးမည်ဟု ခိုင်မာတဲ့ ဆုံးဖြတ်ချက် ချပြီးသည့်နောက် တောင်စဉ်ရေမရ ကျွန်မခံစားချက်ကို ယခုလို ချရေးကြည့်မိ၏

ဒီကောင်မလေး* ( Wednesday, March 11, 2015)

Leave a comment

သူ့တန်ဖိုးနှင့်သူ

               လူတိုင်း လူတိုင်းသည် ကိုယ့်စံ သတ်မှတ်ချက်အတိုင်း ဘ၀ကို ကြိုးစား ရုန်းကန်လှုပ်ရှားနေကြသည်။ မိမိ သင်ယူတတ်မြောက်ထားသော အတတ်ပညာဖြင့် တစ်ပါးသူကို မတိုင်းတာသင့်ပါ။ မတူညီသော ဘာသာရပ်၊ အတတ်ပညာတိုင်းတွင် တန်ဖိုးတစ်ခုစီ ရှိပါသည်။ ထိုတန်ဖိုးများသည် သူ့နေရာနှင့် သူ အသုံးဝင်ကြသည်။ ဥပမာ ပြရပါလျှင် လမ်းဘေးပလက်ဖောင်း တွင် ဖိနပ်ချုပ် နေသော သူ၊ ထီးပြင်နေသော သူတစ်ဦးကို မြင်လျှင် အထင်မသေးသင့်. ထိုသူများသည် သူတို့တတ်ထားသော ပညာဖြင့် ဘ၀ကို ရိုးသားစွာ ကြိုးစားရှုန်းကန် လှုပ်ရှားနေသူများဖြစ်ကြသည်။ ဘ၀ အခြေခံမတူညီ၍ ကြိုးစားအားထုတ်မှု ပုံစံ ပြောင်းလဲသွားရခြင်း ဖြစ်သည်။
ထို့ကြောင့် အထင်သေးသော မျက်လုံးများဖြင့် ကြည့်သူများသာလျှင် တန်ဖိုးဆိုသည့်အရာကို နားမလည်သောသူများ ဖြစ်သွားနိုင်သည်။ လူတစ်ဦးအား Negative အမြင်ဖြင့် မကြည့်ဘဲ Positive အမြင်ဖြင့် သာ ကြည့်သင့်သည်။ အရာရာသည် သူ့တန်ဖိုးနှင့်သူ တည်ရှိကြ၏။ လူတစ်ဦး၏ တန်ဖိုးကို မိမိတတ်သည့် ပညာဖြင့် မတိုင်းတာဘဲ ထိုသူတတ်သောပညာဖြင့် မိမိကိုယ်ကို တိုင်းတာကြည့်လျှင် ထိုလူ၏ တန်ဖိုးကို သင်မြင်နိုင်ပါလိမ့်မည်။

ဒီကောင်မလေး* ( Tuesday, December 09, 2014)

Leave a comment

အေးမြသောမေတ္တာရိပ်

လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က အကြောင်းလေးတစ်ခုလောက် ပြောပြပါဦးမည်..

ကျွန်မသည် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပါသည်. ငယ်စဉ်ကလေးဘ၀က ဖိုးဖိုးသင်ပေးသော သြကာသ ဘုရားရှိခိုးမှ အစ မေတ္တာပို့အဆုံး ကို နှုတ်တိုက်သာ တတွတ်တွတ် ရွတ်တတ်ခဲ့ရာ အနှစ်သာရကို မသိခဲ့.. သိအောင်လဲ မကြိုးစားခဲ့ပါ. ဒီလိုနှင့် လောကကြီး၏ အပြင်အာရုံတွေကို စိတ်ဝင်စား စိတ်ကစား ရှာဖွေချင်သော ဥာဉ်လေးကလည်း အရွယ်ရောက်လာတဲ့အမျှ ကြီးထွားလာခဲ့ပါသည်။ ရှင်းရှင်းပြောရလျှင် “အချစ်” ဆိုတာကို ရှာဖွေတတ်လာခဲ့ပါသည်။

          မြီးကောင်ပေါက်စအရွယ်မို့ ချစ်သူရည်းစား ထားကြတာတောင်မှ မခွဲအတူ သူငယ်ချင်းများနှင့် ပျော်ပျော်ပါးပါးပေါ့။ သို့ပေမယ့် ကျွန်မရဲ့အားနည်းချက် တစ်ခုက ငယ်စဉ်ကတည်းက အလုပ်တစ်ခုလုပ်မိပြီဆိုလျှင် စွဲလမ်းတတ်မှုမျိုး ရှိတတ်သည်။ ချစ်မိပြီဆိုတော့လည်း အဆုံးစွန်ထိပေါ့. သူစေလိုရာစေ.. ဆိုသည့်အတိုင်း အရူးအမူးချစ်ခဲ့သည်။ တချိန်က ရူးသွပ်စွာ ခံစားခဲ့ရမှုဟာ အခုနေအခါမှာတော့လည်း ရယ်မောစရာတစ်ခုအနေနဲ့ ပြန်ပြောပြနိုင်ခဲ့ပါပြီ။

          ဒီလိုပါပဲ အနှစ်ချုပ်ပြောရလျှင် အရူးအမူးချစ်ခဲ့မိတဲ့အတွက် အရူးလုပ်ခံလိုက်ရ ဆိုပါတော့။ သွားလည်း ဒီစိတ်၊ စားလည်း ဒီစိတ်၊ အိပ်လည်း ဒီစိတ် ဆိုတော့ မကြာပါ ဘူး .. အိပ်ရာထဲ ဗုန်းဗုန်းလဲရတော့သည်။ ရင်ထဲမှာ အချစ်ကြီးချစ်တော့ အမုန်းကြီးမုန်း ဆိုသလို နာကြည်းချက်တစ်လှည့်၊ သတိရတစ်လှည့်၊ မုန်းတစ်လှည့်နဲ့ သံသရာထဲ ၀ဲလယ်နေခဲ့ရတယ်။ မိဘနှစ်ပါးကတော့ ရိုးရိုးနေမကောင်းတာပဲ ထင်နေကြ၏။

          ဒီမှာပဲ ဆိုးတိုင်ပင် ကောင်းတိုင်ပင် သူငယ်ချင်းမလေးက သတင်းလာမေးရင်း စာအုပ်တစ်အုပ် လက်ဆောင်ယူလာပေးသည်.. သူငယ်ချင်းဖတ်ဖို့တဲ့ … မိဘတွေရှေ့တော့ အပူရုပ်ကို ဟန်လုပ်နေပေမယ့် သူငယ်ချင်းရှေ့မှာတော့ ဟန်မဆောင်နိုင် လောက်အောင် ငိုချင်းချမိတော့၏.

          “ခလုတ်ထိမှဘုရားတ” ဆိုသလိုမျိုး ချစ်သူပစ်သွားမှ တရားစာအုပ် လက်ကိုင်မိသည်။ ဆရာတော်ဘုရား အရှင်ဆန္ဒာဓိက ရဲ့ တရားတော်တွေ၊ စာအုပ်တွေ ဖတ်ဖူး နာကြားဖူးပါသည်. သာမန်ကာလျှံကာပေါ့.. အခုဖတ် တော်ကြာမေ့ ။ အခု သူငယ်ချင်းယူလာပေးတဲ့ စာအုပ်လေးက လက်ရှိခံစားနေရတဲ့ ဝေဒနာတွေကြောင့် ခေါင်းစဉ်မြင်လိုက်သည်နှင့် စိတ်ဝင်စားသွားရ၏။ “အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ်” ။ ဒီတစ်ခါတော့ သေသေချာချာ နှလုံးသွင်းပြီး ဖတ်မိသည်။ အမျိုးသမီးတစ်ဦး၏ လင်ယောက်ျားသစ္စာမဲ့မှုကြောင့် စိတ်သောကရောက်နေရကြောင်း မေးမြန်းထားမှု အကြောင်းကို တွေ့ရသည်.. ဆရာတော်ဘုရားရဲ့ ဂရုဏာတော်ထား ဖြေကြားပေးမှုဟာ အလွန်ရိုးရှင်းလှပြီး စိတ်အေးချမ်းသက်သာမှုကို ဖြစ်ပေါ်စေတယ်။

ဒါ့အပြင် ကျွန်မ စိတ်ထားတတ်သွားသည် “အော် ငါက တော်သေးတာပေါ့.. သူများတွေဆို အိမ်ထောင်ပြုပြီးမှ သစ္စာမဲ့ကြတာ.. အခု ငါက ချစ်သူရည်းစားဘ၀မှာတင် သစ္စာမဲ့ခံရတာ.အတော့်ကို ကုသိုလ်ကံကောင်းသေးတာပဲ” လို့ဖြေသိမ့်မိ၏။ ထိုစာအုပ်လေး တစ်အုပ်မှ စာတစ်ပုဒ်ကြောင့် ကျွန်မ၏စိတ် အေးချမ်းသွားသည်။ ကျန်းမာရေးလည်း အတော်လေးကို ထူထူထောင်ထောင် ပြန်ကောင်းလာခဲ့သည်။ ထားခဲ့တဲ့ကျွန်မ၏ချစ်သူကိုမမုန်းတော့ပဲ မေတ္တာထားတတ်လာသည်။ နောက်ပြီး ကျေးဇူးတင်သည်။ သူ့ကိုအစပြုလို့ ကျွန်မ ဒီလိုအကျိုးရှိတဲ့အသိကို သိရတာပါ။ စာအုပ်လာပေးတဲ့ သူငယ်ချင်း ကိုလည်း ကျေးဇူးတင်မိပါသည်.. မေးမြန်းထားတဲ့အမ၊ ညွှန်ကြားပြသပေးပြီး စာအုပ်ထုတ်ဝေပေးတဲ့ ဆရာတော်ဘုရားကို ပိုလို့ပင်ကျေးဇူးတင်မိသည်။

          နောက်ပိုင်းတွင် ဘုရား၊ တရား စာအုပ်တွေကို အချိန်ပေးဖတ်ရှုပြီး အဆုံးအမတွေအတိုင်း ကျင့်ကြံလိုက်နာမိသည်။ ဘုရား၊ တရား၊ သံဃာတော်တွေကို ပိုမိုလေးစားကြည်ညို လာပါသည်. ဗုဒ္ဓဘာသာဝင်ဆိုတဲ့ အနှစ်သာရကို ရှာဖွေမှတ်သား တတ်လာခဲ့သည်။ ဆရာတော် အရှင်ဆန္ဒာဓိက ဟောကြားရေးသားသော စာအုပ်များကို လက်လှမ်းမှီသမျှ ၀ယ်ယူကာ ခဏခဏ ဖတ်လိုက် မှတ်လိုက်နှင့် ရင်တွင်းအမှန်တကယ်ငြိမ်းအေးကာ စိတ်ဓါတ် ခွန်အားများတိုးပွားစေခဲ့၏။

          ကံဆိုတာကိုလည်း နားလည်လာတော့သည်။ “ကံဆိုတာ ပြုပြီးရင် မြောက်သွားတာ မို့ ဘာမှပြန်လုပ်လို့ မရတော့ပါဘူး” ဟု ဆိုပါ၏။ “ကောင်းကံပြုရင် ကောင်းကံအားလျော်စွာ၊ မကောင်းကံပြုရင် မကောင်းကံရမယ် ဆိုတဲ့ မုချဧကန်အကျိုးကတော့ ကာလတစ်ခု အတွင်းမှာ ပေးဦးမှာပါ ။         ကာလဆိုတာ ဒီဘ၀လည်း ဖြစ်နိုင်သလို နောက်ဘ၀မှာလဲ ဖြစ်ချင်ဖြစ်နိုင်ပါတယ်။”  ဒီလိုဆိုထားတော့ အခု ကျွန်မ၏ အသည်းကွဲခြင်းမှ ရသည့်ဝေဒနာသည် အတိတ်ကံ၊ ခံစားရမယ့်ကံ ပါလာတဲ့အတွက် ကျိန်းသေ ပြန်ခံရခြင်းဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သတ်၍ အသေအချာသိလိုက်ရသည်က အတိတ်က ကျွန်မသူများအပေါ် ထပ်တူပြုမူခဲ့မိ၍ ထိုကံတရားရဲ့အကျိုးပေးကို ရှောင်လွှဲလို့ မရဘူး ဆိုတာကို ပဲဖြစ်ပါသည်။

          `အကြောင်းတစ်ခုခုကြောင့် စိတ်ဆင်းရဲနေ၊ စိတ်ညစ်နေရာက မိတ်ဆွေကောင်း၊ ဆရာကောင်းနဲ့တွေ့လို့၊ ဒါမှမဟုတ် တရားစာအုပ်၊ တရားတိပ်ခွေနဲ့တွေ့လို့ စိတ်ဆင်းရဲတာ၊ စိတ်ညစ်တာ ပျောက်သွားတဲ့အခါ “စောစောကသာ တွေ့လိုက်ရင်” လို့ မချိတင်ကဲ မဖြစ်လိုက်ပါနဲ့။ အချိန်တန်မှတွေ့တာပါတဲ့။´ ဟုတ်ပါသည်.. “၀ဋ်ဆိုတာလည်တတ်တယ်” ဆိုသည်စကားအတိုင်း ၀ဋ်ရှိသမျှတော့ပေးဆပ်ရဦးမည် ဖြစ်သည်။ “မှားမိသမျှကို `ကြွေး´လို့မှတ်ယူပြီး ကြုံတွေ့သမျှကို `ကြွေးဆပ်တယ်´လို့ သဘောထားလိုက်လျင် စိတ်သက်သာရာ ရနိုင်ပါသည်။” မှန်ပါသည်.. ဖြစ်ပျက်ပြီးသမျှကို ပူဆွေးမနေ တော့ပဲ အရာရာကိုယ်ကောင်းဖို့ ဖြစ်လာတာပါလားလို့ နှလုံးသွင်းထားနိုင်လျင် ပိုကောင်းပါ၏။ သို့ပေမယ့် နေရာတကာ အတိတ်ကံမကောင်းလို့ ၀ဋ်ဆင်းရဲခံရသည် ဖြေသိမ့်ပေမယ့် ကိုယ်မြင်ရတဲ့ကံအတွက် မလုပ်သင့်တာ ထပ်မလုပ်မိအောင်၊ ကိုယ့်ရဲ့စိတ်ဓါတ်ကို ဖြူစင်စွာ ခိုင်မာနေအောင် တည်ဆောက်ထားကြဖို့လည်း သတိရှိသင့်ပါသည်။

          ကျွန်မသည် ပုတုဇဉ်လူသားမို့ တစ်ဦးတစ်ယောက်တည်း ရပ်တည်နိုင်စွမ်း မရှိသေးပါ။ သို့ပေမယ့် မိမိတတ်နိုင်သလောက် ဆရာတော်ဘုရားများ၏ တရားဓမ္မ၊ အဆုံးအမများ၏ အေးမြသောမေတ္တာရိပ်အောက် ခိုလှုံနေထိုင်သွားရင်း အရာရာကို မေတ္တာပွားနိုင်အောင် မေတ္တာထားနိုင်အောင် ကြိုးစားသွားပါမည်။ ” ကိုယ့်ကိုကိုယ် တကယ် စိတ်ချမ်းသာချင်တယ်ဆိုလျှင် ရင်ထဲမှာရှိနေတဲ့ အမုန်းတရားများကို ထုတ်ပစ်ပြီး မေတ္တာတရားများ သာထားကြည့်ပါ ” ဟု စစ်မှန် အေးမြသောမေတ္တာရိပ်အား မိမိပတ်ဝန်းကျင်မှ မိတ်ဆွေများဆီသို့ လက်ဆင့်ကမ်း ဝေမျှပေး လိုက်ရပါသည်။

ကိုယ်တွေ့အကျိုးကျေးဇူးခံစားရမှုအား ပြန်လည်ဝေမျှကုသိုလ်ရည်ပါသည်။

ဒီကောင်မလေး* ( Wednesday, November 26, 2014)

 

Leave a comment

လွတ်လပ်သော…မူပိုင်

အင်တာနက်ဟူသည် သတင်းအချက်အလက်များ နည်းပညာများအပြင် ဗဟုသုတ ရသ မျိုးစုံ လိုချင်တာ၊ သိချင်တာ မှန်သမျှ လွယ်လွယ်ကူကူ လျှင်မြန်စွာ ရှာဖွေနိုင်ပြီး သုံးစွဲတတ်လျှင် တကယ်အကျိုးကျေးဇူး ကြီးမားစွာရရှိနိုင်သော ကွန်ရက်ကြီး တစ်ခုဖြစ်သည်။

နည်းပညာပြန့်ပွားစေချင်းငှာ မိမိတို့တတ်သိသမျှကို အွန်လိုင်းတွင် စာပေရေးသားဖြန့်ဖြူးပေးနေသော ပညာရှင်များအား ကျေးဇူးလည်းတင် လေးစားအားကျမိသည်.။ အွန်လိုင်းတွင် အသိပညာ နည်းပညာ စာတစ်ပုဒ် တင်လိုက်သည်နှင့် ကွန်ရက်မိသော နေရာအ၀ှမ်းမှ မိမိစာပေကို ဖတ်ရှုလေ့လာကြမည်. မိမိထက် ပိုမိုတက်ကျွမ်းသူသည် ၄င်းစာကို အခြေခံပြီး ပိုမိုကောင်းမွန်သော နည်းပညာပေါ်ထွက်လာအောင် ပံ့ပိုးနိုင်ပေလိမ့်မည်။ မသိသေးသော သူများသည်လည်း ဗဟုသုတရဖွယ်ဖြစ်သွားနိုင်စေပါသည်။ အင်တာနက် ထဲတွင် စာပေများရေးသားနေခြင်းအားဖြင့် မိမိ၏ သိရှိပြီးသော ပညာများ မယုတ်လျှော့သွားနိုင်ပေ ပိုမိုတိုးတက်လာဖွယ်ရာပင်ရှိပါသည်။

စိတ်ခံစားမှုအပိုင်း၊ ရသစာပေများနှင့် ပတ်သတ်လျှင်လည်း ထိုသို့ပင်ထင်ပါသည်။ မိမိရေးသားထားသော ကဗျာ ၀တ္ထု များ၏ သုတ၊ ရသ များသည် စာဖတ်သူ၏ ရင်ထဲ ရောက်ရှိသွားပြီး ပျော်ရွှင်စရာ ဆိုလျှင်လည်း ကိုယ့်စာဖတ်နေသည့်အချိန်တွင် တဒင်္ဂ စိတ်ကိုပျော်ရွှင်စေ နိုင်သည်။ ခံစားချက်ခြင်းတူသွားသောကြောင့် လွမ်းစရာ၊ ၀မ်းနည်းစရာဆို လျှင်လည်း စာဖတ်သူနှလုံးသားနှင့် ထပ်တူကျသွားနိုင်သောကြောင့် မိမိစာအား အမှတ်ရစေနိုင်ပါသည်။ အချို့သုတဖြစ်စေဖွယ် စာပေများအား မှတ်မှတ်ရရနှင့်ပင် သိမ်းဆည်းထားတတ်ကျပါသည်။

ကျွန်မ အရင်တုန်းက မိမိဖတ်မိတဲ့စာပေကို သဘောကျနှစ်ချိုက်မိလျှင် သူငယ်ချင်းများသို့ ပြန်လည်မျှဝေလေ့ရှိပါသည်။ ထိုစဉ်အခါက စာရေးသူကို Refer Link မလုပ်မိပဲ ကိုယ်ပို့ချင်သည့် စာကိုသာ ဦးစားပေး ပို့ပေးမိသည်။ စာရေးသူမည်သူ မည်ဝါဆိုတာကို ညွှန်းရမှန်း စိတ်ဝင်စားရကောင်းမှန်းလဲ မသိခဲ့ဘူးဆိုတာ ၀န်ခံပါရစေ။ နောက်ပိုင်း စာပေများ လေ့လာဖတ်ရှု ပါများပါမှ ထိုအသိကို သိလာရခြင်းဖြစ်ပါသည်.။ အလိမ္မာ စာမှာရှိ ဆိုသည့် စကားအတိုင်းပင်ဖြစ်ပါသည်။ မိမိကြိုက်နှစ်သက်သော စာသားကို မည်သူ ရေးသားသည်ဆိုသည်အား အဓိကမှတ်သားလေ့ရှိပြီး စာရေးသူအားလည်း လေးစားစွာ အားပေးတတ်လာသည်။ စာကောင်းတစ်ပုဒ်ဖတ်မိချိန် စာရေးသူနာမည်မပါလျှင် ရင်ထဲ ဟာတာတာ ဖြစ်မိသည့်အထိ ခံစားရ ပါသည်။.

ဝါသနာအရ အွန်လိုင်းတွင် စာပေရေးသားနေသော ကျွန်မသည် မိမိ၏ ကဗျာလေးများအား စာဖတ်သူများမှ အခြားနေရာတွင် ကူးယူဖော်ပြထားခြင်းခံရလျှင် အလွန်ပင် ၀မ်းသာပီတိဖြစ်မိပါသည်။ ကိုယ်ရေးတဲ့ စာသားလေးတွေ အဖွဲ့အနွဲ့လေးတွေ စာဖတ်သူခံစားချက်နဲ့ ထပ်တူညီပြီး ကြိုက်နှစ်သက်သွားသောကြောင့် ထိုသို့ တခုတ်တရ ပြန်ဝေ ငှခြင်း ဖြစ်ပေသည်ဟု ခံယူထားသည်။ မိမိရေးသားထားပါသည်ဆိုသော နာမည်မပါရ လည်း စိတ်ထဲတမျိုးမဖြစ်မိပဲ တကယ်ကို ၀မ်းသာမိပါသည်။ သို့အပြင် ကျွန်မရေးဖွဲ့ထားသည့် စာပေမူရင်းတစ်ထပ်တည်းကို ကျွန်မရေးသားခြင်း မဟုတ်ပါဟု ပြောဆိုလာလျှင်သော် ပြုံးပြုံးလေးနှင့်ပင် နားထောင်ထားလိုက်ပါမည်။ ကိုယ့်ကိုကိုယ်သာအသိဆုံးမို့  ကျွန်မ မည်သည့်အခါမှ ပြိုင် ငြင်းလိမ့်မည်မဟုတ်ပါ။

စာအုပ်ထုတ်ဝေရာတွင် စာပေစိစစ်ရေး စာပေမူပိုင်ခွင့်ဆိုတာရှိသော်လည်း လွတ်လပ်သောအင်တာနက်ပေါ်မှမျှဝေမှုတွင် အွန်လိုင်းမူပိုင်ခွင့်ဆိုတာ မရှိသေးသောကြောင့် ကျွန်မ၏ စာမျက်နှာလေးတွင် တတ်နိုင်သမျှ ခံစားရေးဖွဲ့ထားသော ကဗျာ၊ စာများ၏ ရသများအား စာဖတ်သူအားလုံးနှင့် အတူ မျှဝေသုံးစွဲလိုက်ပါသည်။

ဒီကောင်မလေး* (Wednesday,October 29, 2014)

Leave a comment

ပန်းခရေ

ရွာအ၀င် ခရေတောအောက်
ပန်းကောက်ဖို့ ထ စို့ကွာ
တုံးမောင်းသံ အချက်တီးလောက်
စုံကြမယ်လေး။

ဟော တွေ့ပါပြီ ပန်းခရေ
လေအဝေ့ ရနံ့တွေ ဝေ
ဖြန့်ကျက်ကာ မြေမှာကျဲလို့
လှပတယ်လေး။

လရောင်ကို အားသာပြုလို့
ကူဖို့ရာ အတွေး
များသူငှာ မဦးဖို့အရေး
ကောက်ကြစို့လေး။

လရောင်ကွယ် မှိန်ပျောက်လို့
ထိတ်လန့်ကာငေး
မညှာတာ တိမ်ပုပ်ဆွေးက
ဖြတ်ကျော်လို့ပြေး။

ဘယ်ချိန်မျှ လွတ်မည်ကို
မော့ကြည့်ကာငေး
သူ့ထက်ငါ သာရဖို့အရေး
ပြိုင်ရမယ်လေး။

စိတ်ရှိတိုင်းသာ ဖယ်ခွာဖို့ရေး
လှမ်းဆွဲလို့အဝေး
မမှီသာ တရိပ်ရိပ်ပြေး
မျှော်လို့သာဆွေး။

ဒီကောင်မလေး* ( Friday, September 05, 2014)

Leave a comment

သဘောထားလွဲကြရာဝယ်

အမှန်တရားဆိုသည်မှာ လောကကြီးတွင် အချိန်မည်မျှ ဖုံးကွယ်ထား၍မရနိုင်သော သစ္စာတရားတစ်ခုဖြစ်ပေသည်။

ကျွန်မ အပါအ၀င် လူတော်တော်များများတွင် “ဘယ်သူတွေ ဘာပြောပြော ဘာလုပ်လုပ် ဂရုမစိုက်ဘူး ငါလုပ်တာမှန်တယ်” ဟုသော တယူသန်အစွဲရှိတတ်ကြသည်။ မည်သည့်ကိစ္စရပ်ကိုမဆို လုပ်ရပ်တစ်ခု၊ ဤအချိန်တွင် ကိုယ်မှန်သည်ထင်နေမိသောကြောင့် မည်သူကိုမှဂရုမစိုက် အကြံဥာဏ်တောင်းခံခြင်းမပြုမိပဲ ဆုံးဖြတ်ချက်ချမိပါက အလွန်တရာမှ မှားယွင်းနိုင်ပါသည်။ သို့သော် အများဆုံးဖြတ်ချက်အတိုင်း လုပ်ရပါသောကြောင့် အမှန်တရားကိုလည်း မျက်ကွယ်မပြုသင့်ပါ။ တစ်ခါတရံတွင် ကိုယ်မှန်သည် ထင်သောကြောင့် ဇွတ်မျက်စိမှိတ် ကာနေမိသည့် အခိုက်အတန့်သည် တစ်ဘ၀လုံးစာအတွက် နောင်တအား လက်ဝယ်ပိုက်ရန် သာ ရှိစေသည်။

လုပ်ငန်းပိုင်းဆိုင်ရာ ပြသနာ၏ အခြေအနေ အမျိုးမျိုးအား သုံးသပ်ရာတွင် တစ်ဦးတစ်ယောက်တည်း၏ အမြင် သုံးသပ်ချက်တစ်ခုထက် အဖွဲ့အစည်းနှင့် ၀ိုင်းဝန်းဆွေးနွေးသုံးသပ်ပြီးမှ ရလာသောအဖြေသည် ပို၍ပင် သင့်တော်သော၊ လုပ်သင့်လုပ်ထိုက်သော ဖြေရှင်းနိုင်စရာ နည်းလမ်းဖြစ်နိုင်ပေလိမ့်မည်။ တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်လုပ်ငန်းငယ်မှ အစ၊ လုပ်ငန်းကြီး လုပ်ကိုင်နေသောသူများသည် ပို၍ပင် သတိထားကာ တိုင်ပင်ဆွေးနွေးနေရမည်။ ကိုယ်မမြင်နိုင်သော ရှုထောင့်မှ ရလာသော Result သည် သေးငယ်သော်ငြား ပြသနာအား ဖြေရှင်းရာတွင် တစ်ထောင့်တစ်နေရာမှ အကူအညီရရှိနိုင်စေသည်။ ကိုယ်သာသိ၊ ကိုယ်သာတတ်၊ ကျန်သူ ကိုယ့်လောက်မတတ် အထင်အမြင်နှင့် မိမိ၏ဆုံးဖြတ်ချက် တစ်ခုမှားလိုက်သည်နှင့် မိမိကိုမှီခိုနေသော ၀န်ထမ်းများသာမက အဆုံးစွန် မိမိကိုယ်တိုင်ပင် အောက်ဆုံးသို့ မရောက်သွားသော်ငြား ယိုင်နဲ့သွား နိုင်ပေသည်။ ငွေကြေးအားဖြင့်မဟုတ်လျှင်သော် ယုံကြည်မှုစိတ်ဓါတ် အားဖြင့် ထိုးဆင်းသွားနိုင်ပါသည်။

လူမှုရေးနယ်ပယ်တွင်လည်း ထိုသို့ဖြစ်ပါ လိမ့်မည်။ စကားပြောဆိုရာတွင်လည်း နှစ်ဦးနှစ်ဘက်အတွက် လတ်တလောအဆင်ပြေစေရန် Follow လိုက် ပြောဆိုခြင်းသည် မှားယွင်းမှု အခြေခံတစ်ရပ်ဖြစ်သည်။ မိမိ၏ စိတ်ခံစားမှု၊ မကျေနပ်မှုများကို အပြန်အလှန် ပွင့်ပွင့်လင်းလင်းပြောဆို ဆွေးနွေးခြင်းသည် ထိရောက်သော စိတ်ကျေနပ်မှုကိုဖြစ်စေသည်။ ထိုသို့ မပြုမူဘဲ အများအမြင်တွင် သဘောထားကြီးဟန်၊ လူကြီးလူကောင်းဟန် ဖော်ဆောင်ထားပြီး၊ မကျေနပ်ချက်များကို မမြင်ကွယ်ရာ (သို့) မကြားတကြားမှ စောင်းမြောင်းပြောဆို မှု လုပ်ရပ်များသည် လွန်စွာ စိတ်ဓါတ်သေးသိမ်လှသည်။ တစ်ဘက်သားသည် မိမိသဘောထားအမြင်ကို သိနိုင်လိမ့်မည်မဟုတ်ချေ။ သူသည် စိတ်အေးချမ်းလျှက် မိမိပင် ကိုယ်၊ စိတ် မောပန်းနေပေလိမ့်မည်။

လူတိုင်း၊ လူတိုင်းသည် မိမိကိုယ်ကို အဆင့်အတန်းရှိသူ (၀ါ) အဆင့်ရှိသူ ဟု မှတ်ယူထားကြသည်။ အဆင့်အတန်းသည် မည်သည့်နေရာတွင်ရှိနေသည်ကို ကိုယ့်အပြုအမူ၊ လုပ်ရပ်များက ဖော်ဆောင် ပေးနေခြင်းဖြစ်သည်။ မိမိ အပြုအမူကို သတိမမူမိပဲ မည်မျှပင် လူကြီး၊ လူကောင်း ဟန်ဆောင်စေကာမူ အများအမြင်တွင် လူကြီးဖြစ်သော်ငြားလည်း လူကောင်း ဟု မမြင်နိုင်တော့ပေ။ ပတ်ဝန်းကျင်မှ တညီတညွတ် သတ်မှတ်လိုက်သော ထိုလူနှင့် လိုက်ဖက်သည့် အဆင့်အတန်းသည် Zero , အနှုတ် အောက် ဖြစ်သွားနိုင်ပါသည်။

ထို့အတွက် မည်သူမှားသည် မှန်သည်ကို အငြင်းပွားနေမည့်အစား ပြသနာတစ်ရပ်အား အခြေခံကျကျ၊ နှစ်ဦးနှစ်ဘက် ပွင့်လင်းစွာ ညှိနှိုင်းမှုမျိုးပြုလုပ်ခြင်းသည် သဘောထားကွဲလွဲခြင်းမှ ပြေလည်ခြင်းသို့ ပြောင်းလဲစေသော လမ်းစပင်ဖြစ်နိုင်သည် ဟု ထင်မိပါသည်။

ဒီကောင်မလေး* ( Thursday, September 04, 2014)

Leave a comment

ကြိုးကြာပုံပြင်

ကြိုးကြာငှက်ဖိုတိုင်းက သူ့တို့ ချစ်သူအပေါ် အမြဲ သစ္စာရှိတာကြောင့်
ငါတို့ ကြိုးကြာငှက်လေးတွေ ခေါက်ကြမယ်ပြောတော့
နင် ခေါင်းညိတ်ခဲ့တယ်။

ငါယုံကြည်တဲ့ ပုံပြင်လေးအတိုင်း ငှက်ရုပ်ကလေးတစ်ထောင်ပြည့်ရင်
ဘယ်တော့မှ မဝေးတော့ဘူးဆိုတော့
နင် ရယ်နေခဲ့တယ်။

နှစ်ဦးသား မေတ္တာမျှခဲ့တဲ့ နေ့ကစလို့ ငါ့ စိတ်တိုင်းကျ တစ်နေ့တစ်ရုပ်
စက္ကူကြိုးကြာငှက်ရုပ်ကလေးတွေ
နင် ခေါက်ပေးခဲ့တယ်။

အဖိုနဲ့အမ တစ်စုံပြည့်တိုင်း ငါ့နာမည် နင့်နာမည် ပေးလို့
ငါ စိတ်ချမ်းသာစေဖို့အတွက် တဲ့ ငါနဲ့အတူတူ
နင် လိုက်ရူးပေးခဲ့တယ်။

ဖန်ပုလင်းလေးထဲမှာ ကြည်နူးစရာ ငှက်ကလေးတွေ
ပြည့်ချိန်နီးထိ ချစ်သက်ကြာရှည်စွာ
နင် အတူရှိခဲ့တယ်။

ရုတ်တရက် နင်ထားသွားတော့လည်း နင်နဲ့ငါ ထားရှိခဲ့တဲ့ ကတိလေ
ယုံကြည်ချက်အပြည့်နဲ့ ငှက်ရုပ်လေးတွေကို
ငါ ဆက်ခေါက်နေတယ်။

ဖန်ပုလင်းလေးထဲက ကြိုးကြာငှက်မလေးကလည်း မေးနေတယ်
`သူ့ချစ်သူ ဘယ်တော့ပြန်လာမလဲ´ တဲ့
ငါ့လိုပဲ သူမျှော်နေရှာတယ်။

ငှက်ကလေးရယ်
ဒါတွေဟာ ပုံပြင်ဆိုတာကို ငါ လေ မေ့သွားခဲ့မိတယ်။

ဒီကောင်မလေး* (Thursday, September 04, 2014)

Leave a comment

%d bloggers like this: